ချင်းမိုင် တိရစ္ဆာန်ရုံက လွတ်သွားတဲ့ သားပိုက်ကောင် သေဆုံးလျက်ပြန်တွေ့

Author အဂ္ဂ
Categories
Published on May 31, 2024

ချင်းမိုင်တိရစ္ဆာန်ရုံကနေ လွတ်သွားခဲ့တဲ့ သားပိုက်ကောင် အမကို Doi Suthep-Pui အမျိုးသား ဥယျာဉ်ထဲက စမ်းချောင်းထဲမှာ သေဆုံးလျက်အနေအထားနဲ့ မနေ့ မေ ၃၀ ရက် မွန်းလွဲပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

 

သေဆုံးနေပြီဖြစ်တဲ့ အနီရောင်သားပိုက်ကောင် အမကို အမျိုးသားဥယျာဉ်က သစ်တောဝန်ထမ်းတွေနဲ့ တိရစ္ဆာန်ရုံက ဝန်ထမ်းတွေက တစ်ရက်ကျော်အကြာ ကြာသာပတေးနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အသက် ၂ နှစ်သား ဒီသားပိုက်ကောင်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေက လှောင်အိမ်သန့်ရှင်းရေး ပြုလုပ်နေစဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

 

အဲဒီနေ့မှာပဲ သားပိုက်ကောင်ဟာ Doi Suthep တောင်ဆီကို ဦးတည်တဲ့လမ်းအတိုင်း တောင်ပေါ်ကို ခုန်ပေါက်တက်သွားတာကိုလည်း ဒေသခံတွေက မြင်တွေ့ခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ သားပိုက်ကောင်ကို ပြန်လည်ဖမ်းမိဖို့ကြိုးစားပေမဲ့ မရခဲ့ဘဲ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာတော့ သားပိုက်ကောင်ခြေရာနဲ့ သွေးစသွေးနအချို့ကို တွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုကို ရပ်နားလိုက်ကြပါတယ်။ အဲဒီနောက် ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ ရှာဖွေမှုကို တိုးချဲ့လုပ်ဆောင်ခဲ့ကြပါတယ်။

 

တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဖြစ်သူကတော့ စမ်းချောင်းဘေးမှာက အပင်နဲ့ဖုံးအုပ်နေတဲ့ ကျောက်တုံးကျောက်စိုင်တွေ ရှိနေခဲ့ပြီး အဲဒီပေါ်ကနေ သားပိုက်ကောင်ဟာ ရေထဲပြုတ်ကျပြီး နစ်သွားတာဖြစ်မယ်လို့ ဆိုပါတယ်။

 

သားပိုက်ကောင်ဟာ ရေထဲကို မတော်အဆပြုတ်ကျသွားပြီးတဲ့နောက်မှာ ကမ်းပါးပေါ်ကို ပြန်ပြီးမတက်နိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

 

သားပိုက်ကောင်အသေကောင်ပေါ်မှာ ပွန်းရာပဲ့ရာ အနည်းငယ်ရှိနေပေမဲ့ ဒဏ်ရာကြီးကြီးမားမား ရှိမနေတာကြောင့် တစ်စုံတစ်ခုရဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးတာမဖြစ်နိုင်ဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

 

သားပိုက်ကောင်ကို သေဆုံးလျက်သား ပြန်လည်တွေ့ရှိတဲ့ နေရာဟာ တိရစ္ဆာန်ရုံနဲ့ ၁ ဒသမ ၈ မီလိုမီတာလောက်ဝေးတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Bangkok Post

 

ကိုးကား – Bangkok Post