မန္တလေး ချမ်းအေးသာစံမှာ Level 2 အဆင့် မီးလောင်မှုဖြစ်လို့ လူသေဆုံးထိခိုက်မှုများရှိလို့ဆို

Author အညာသား
Categories
Published on May 31, 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းနဲ့ ၈၂ လမ်းမှာ ဒီနေ့ မေ ၃၁ ရက် မနက် ၉ နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာမှာ မီးများလို့ Level 2 အဆင့်ထိ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ငြှိမ်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

ဒီမီးလောင်ကျွမ်းမှုမှာ လူသေဆုံးမှုနဲ့ ထိခိုက်မှုတွေ အများအပြားရှိနိုင်တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ကနဦးပြောကြားချက်တွေအရ သိရပါတယ်။

မီးလောင်မှုဟာ ကနဦး Level 1 အဆင့်ငြိမ်းသတ်ရာကနေ မီးလောင်အားများတဲ့အတွက် Level 2 အဆင့်ကို ချက်ချင်းစေလွှတ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ဖော်ပြထားပါတယ်။

မီးလောင်ပြင်ကိုရောက်ရှိတဲ့နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ တိုက်ရိုက်ရုပ်သံဖော်ပြမှုမှာ မီးလောင်ဒဏ်ရာတွေကြောင့် အရေပြားတွေပေါက်ပြဲနေတဲ့ လူနှစ်ဦး လမ်းဘေးမှာ ထိုင်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီးလောင်ပြင်ကို ရောက်ရှိနေတဲ့ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးရဲ့ တိုက်ရိုက်ရုပ်သံဖော်ပြမှုမှာလည်း “လူသေဆုံးမှုလည်းရှိတယ်။ လူထိခိုက်မှုလည်းများတယ်” ဆိုပြီး ထုတ်ဖော်ပြောဆိုသွားတာကိုလည်း ကြားသိခဲ့ရပါတယ်။

 

မီးလောင်မှုနဲ့ပတ်သက်လို့ လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအပြင် မီးလောင်ရသည့်အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ ဆက်လက်အတည်ပြုဖော်ပြနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – Than Htay