စစ်ကောင်စီက ငွေမကောက်ဖို့ အမိန့်ထုတ်ထားပေမဲ့ ရန်ကုန်က ကျောင်းတွေမှာ ကျောင်းအပ်လက်ခံချိန် ငွေကြေးကောက်ခံနေ
အာဏာသိမ်းစစ်ကောင်စီက ကျောင်းအပ်နှံရာမှာ ငွေကြေးမကောက်ခံဖို့ အမိန့်ထုတ်ထားပေမဲ့ ရန်ကုန်မြို့က အခြေခံပညာကျောင်းတွေမှာတော့ ကျောင်းအပ်လက်ခံချိန် ငွေကြေးကောက်ခံတာတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ရန်ကုန်မြို့ထဲက နာမည်ကြီးကျောင်းတွေမှာ အလှူငွေဆိုပြီး ဆရာ/ဆရာမတွေက တောင်းခံနေတာဖြစ်တယ်လို့ အ.ထ.က ၂ ပုဇွန်တောင်မှာ ကျောင်းအပ်ချိန် အလှူငွေထည့်ခဲ့ရတဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“အရင်က အကုန်အခမဲ့လေ။ အလှူငွေထည့်ဖို့လည်း မပြောဘူး။ အပ်လို့ရတာပဲ။ အခုက ကျောင်းမှာ ဘာလေးလိုနေလို့ အလှူငွေလေးထည့်သွားပါဦးဆိုပြီးပြောတယ်။ သုံးသောင်း(၃၀,ဝ၀ဝ ကျပ်) ထည့်လာရတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကျောင်းသားအသစ်တွေဆို ပိုမိုတောင်းခံပြီး သူတို့တွေ တောင်းသလောက်ရမှ အပ်လို့ရတဲ့အခြေအနေမှာလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေက ကျောင်းတွေမှာတော့ အဲဒီလို အလှူငွေမဖြစ်မနေ ထည့်သွားဖို့ တောင်းခံတာမျိုးမရှိပေမဲ့ ကျောင်းပြောင်းသူတွေအနေနဲ့ စာရွက်စာတမ်းကျန်တာမျိုးဆိုပါက အဆင်ပြေအောင်ပေးပါဆိုပြီး ငွေကြေးတောင်းတာမျိုးတွေတော့ရှိတယ်လို့ လှိုင်သာယာမြို့နယ်က အ.ထ.က ၅ ကို ကျောင်းအပ်နှံခဲ့တဲ့ မိဘတစ်ဦးက ပြောပါတယ်။
“ဧရာဝတီတိုင်းကနေ နယ်ပြောင်းပေါ့။ ဒီမှာ တက်မှာလေ။ အဲဒါ စာရွက်စာတမ်းလေးတစ်ခု ပါမလာဘူး။ အဲဒါကို အဆင်ပြေအောင် ကျောင်းအတွက်ပေးခဲ့၊ ကြည့်လုပ်ပေးမယ်ဆိုပြီးတောင်းတာ။ ပြန်ယူဖို့ကလည်း ခက်တာဆိုတော့ ပေးခဲ့လိုက်ရတယ်” လို့ သူက ဆက်ပြောပါတယ်။
ကျောင်းအပ်ရာမှာ ဆရာ/ဆရာမတွေအနေနဲ့ ငွေကြေးတောင်းခံတာတွေ မလုပ်ဖို့၊ မိဘတွေကလည်း ငွေကြေးပေးတာတွေ မလုပ်ကြဖို့ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနရဲ့ တားမြစ်ချက်တွေအဖြစ် ဝါဒဖြန့်သတင်းစာတွေမှာ နေ့စဉ်ထည့်သွင်းကြေညာနေတာပါ။
ကျောင်းအပ်ရာမှာ ကျောင်းသားတွေအနေနဲ့ ပြဌာန်းဖတ်စာအုပ်၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ် တစ်ဒါဇင်နဲ့ ကျောင်းဝတ်စုံ နှစ်စုံစီရကြတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီ အခြေခံပညာကျောင်းတွေကို စတင်အပ်နှံခွင့်ပြုခဲ့တဲ့ မေ ၂၃ ကနေ ၂၇ ရက်အထိ ငါးရက်အတွင်း ကျောင်းသား/သူ ၅၁ သိန်း ခြောက်သောင်းဦးကျော်အထိလာရောက်အပ်နှံခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီပညာရေးဝန်ကြီးဌာနက မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားတာပါ။
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီ ကျောင်းတစ်ခုမှာ ကျောင်းအပ်လက်ခံနေစဉ်