AA သိမ်းပိုက်ထားတဲ့ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်/ကျဉ်း ၃၁ ဦးကို လွှတ်ပေး

Author ကိုထားဝယ်
Categories
Published on May 31, 2024

စစ်ကောင်စီလက်အောက်ခံများက တွေ့ကရာပုဒ်မတပ်ပြီး ဖမ်းဆီးထားတဲ့ ရခိုင်(မြောက်ပိုင်း)က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ULA/AA က လူသားချင်းစာနာမှုအကူအညီများပေးပြီး မိသားစုတွေဆီ ပြန်လွှတ်ပေးလိုက်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

မေလ ၁၈ ရက်က ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ပြီးနောက် အဲဒီမြို့အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံရေးအကျဉ်းသား(၃၁)ဦးအပါအဝင် အကျဉ်းသား (၉၈)ဦးကို ကယ်ထုတ်ပေးပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအကျဉ်းသားတွေမှာ နိုင်/ကျဉ်းတွေအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု စတဲ့အမှုတွေနဲ့ ထောင်ချခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ်လိုအပ်နေတဲ့ စားဝတ်နေရေးထောက်ပံ့ကူညီမှုတွေ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီထဲက စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်/ကျဉ်း ၃၁ ဦးကို ၎င်းတို့မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးပြီးနောက် ငွေကြေးထောက်ပံ့မှုတွေနဲ့အတူ မေလ ၂၆ ရက်က သက်ဆိုင်ရာ ဒေသတွေဆီကို ပို့ဆောင်ပေးခဲ့တဲ့အပြင် AA က ဆက်လက်ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေမဖြစ်မီကတည်းက အဲဒီက အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေကို လွတ်ငြိမ်းခွင့်ပေးခြင်းနဲ့ နေရာပြောင်းရွှေ့တာတွေကို လုပ်ဆောင်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကိုတော့ ချန်လှပ်ထားခဲ့ပြီး အဲဒီအကျဉ်းထောင်ကနေ နခခ(၃)ဆီ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ချိန် စစ်ကောင်စီဘက်က နိုင်/ကျဉ်းတွေကို လုံခြုံရာကို မပြောင်းရွှေ့ပေးခဲ့ဘဲ လျစ်လျူရှုခဲ့တယ်လို့ AA က ပြောပါတယ်။

AA အနေနဲ့ စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်ဥပဒေအရ လူသားဆန်ဆန် ကယ်ဆယ်ကူညီပေးနေတဲ့အပြင် ယခုလို စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေကိုလည်း တိုက်ပွဲတွေကြားက ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့ဖူးတဲ့ ဖြစ်ရပ်တွေရှိတယ်လို့ သိရပါတယ်။

 

 

 

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး AA က ကယ်ထုတ်ပေးထားတဲ့ အကျဉ်းသားတွေအားလုံးကို ၎င်းတို့ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ကျခံထားပြီး ပြစ်ဒဏ်ကို  ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ လုပ်ဆောင်သင့်တာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီကတော့ သူတို့စိတ်ကြိုက်အုပ်ချုပ်နိုင်ဖို့ မတရားဥပဒေတွေ ရေးဆွဲပြီး ပြည်သူလူထုကို ဖိနှိပ်ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – AA Info Desk