ကျောင်းတွင်းခိုက်ရန်ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပြည်ပရုပ်ရှင်တွေကြောင့်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

Author CJ Platform
Categories
Published on Jan 31, 2026

စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ကြီးနိုင်ငယ်ညှဉ်းနဲ့ ပြည်ပရုပ်ရှင်တွေမှာ ဖော်ပြတဲ့ ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ဇာတ်လမ်းတွေကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မနေ့က ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

 

စစ်အုပ်စုလက်အောက်ခံ ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်တာ၊ အနိုင်ကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာချိန် ဒီပြဿနာတွေကို အဖြေရှာဖြေရှင်းဖို့ အချိန်ရောက်နေပြီလို့ USDP ဥက္ကဋ္ဌ ဦးခင်ရီက အခုလို ပြောဆိုလာတာပါ။

 

“၂၀၂၆ နှစ်စမှာတင် ကျောင်းသားချင်း ရန်ဖြစ်၊ အနိုင်ကျင့်မှုတွေ ခပ်စိပ်စိပ် ကြားလာရတယ်။ မိဘတွေ စိုးရိမ်နေကြသလို ကျွန်တော်လည်း သမီးရှင်တစ်ယောက်၊ မိဘတစ်ယောက်၊ အဖိုးတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဦးခင်ရီက ပြောပါတယ်။

 

အခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ Grade-12 ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသလို ဇန်နဝါရီ ၂၇ ရက်ကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားရာက တစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

 

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဦးခင်ရီက တချို့သောပြည်ပရုပ်ရှင်တွေမှာ ဖော်ပြနေတဲ့ ကျောင်းတွေမှာ ဂိုဏ်းဂဏဖွဲ့ပြီး အုပ်စုဖွဲ့အနိုင်ကျင့်မှုဇာတ်လမ်းတွေကြောင့် လက်ရှိနိုင်ငံတွင်း ကျောင်းသားချင်း ခိုက်ရန်ဖြစ်တဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး နိုင်ငံအတွက် အားထားရတဲ့ လူငယ်တွေဖြစ်အောင် ဒါတွေကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားခဲ့ရပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်ချိန် ကျောင်းသားအချင်းချင်းကြား အသက်အရွယ် ကွာဟမှုအရ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေလည်း ရှိလာခဲ့ပြီး ဆရာ၊ ဆရာမ မလုံလောက်မှုပြဿနာတွေလည်း ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ကာလအတွင်း စစ်အုပ်စုထိန်းချုပ်ထားတဲ့ သန်လျင်၊ မြောင်းမြ၊ မိတ္ထီလာ၊ အမရပူရမြို့နယ်တို့က စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့်တာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ ဓားထိုးမှုဖြစ်ပွားတာတွေ ခပ်စိပ်စိပ် ဖြစ်ပွားမှုတွေ ရှိလာခဲ့သလို ပြင်းထန်ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

 

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေမှာဖြစ်သလို ဒီပြဿနာတွေကို အဖြေရှာပြီး ကောင်းမွန်တဲ့ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ အချိန်ကျရောက်ပြီလို့ ဦးခင်ရီက ထည့်သွင်းပြောဆိုထားပါသေးတယ်။

 

ကျောင်းတွင်းရန်ပွဲတွေဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးဝါးခဲ့ပြီး စစ်အုပ်စုလက်အောက်ခံ ဆရာ၊ဆရာမတွေဟာ ကျောင်းတွင်း ပညာသင်ကြားရေးထက် ကျူရှင်တွေကနေတဆင့် ငွေကြေးရရှိရေးကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

 

 

Related News

Depend on news