ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်တွေပိုနေတယ်လို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော

စစ်ကောင်စီက ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်တွေ ပိုနေတယ်လို့ မနေ့ မေလ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် မဲဆန္ဒနယ်မြေသတ်မှတ်ချက်တွေ ထွက်မလာသေးပေမဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆန္ဒနယ်မြေတစ်ခုကို ကိုယ်စားလှယ် လေးဦး သတ်မှတ်ထားတာကြောင့် ကိုယ်စားလှယ်တွေ ပိုနေတာဖြစ်ကြောင်း မီဒီယာတွေကို ဖြေကြားခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ကျွန်တော်တို့မှာ ကိုယ်စားလှယ် အင်အားအပြည့်ရှိတယ်။ ပိုတောင်မှ ပိုနေသေးတယ်။ အခုလောလောဆယ် ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်တွေကလည်း ထွက်မလာသေးဘူး” လို့ သူက မီဒီယာတွေကို ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်တွေ မထွက်လာသေးလို့ ယခင် ကိုယ်စားလှယ်အရည်အချင်းကို ကြည့်ပြီး မဲဆန္ဒနယ်မြေတစ်ခုမှာ ကိုယ်စားလှယ်နေရာတစ်ခုအတွက် ကိုယ်စားလှယ်လောင်း လေးဦး သတ်မှတ်ထားပြီး ကိုယ်စားလှယ်လောင်းစာရင်းတွေကို တောင်းခံထားတယ်လို့ နားလည်ရပါတယ်။
မဲဆန္ဒနယ်မြေတစ်ခုက ပေးပို့လာတဲ့ ကိုယ်စားလှယ်တွေကို လူထုလက်ခံမှု၊ ထောက်ခံမှုရှိမရှိကို တတိယအဖွဲ့အစည်း (Third Party) တစ်ခုနဲ့ ဆွေးနွေးပြီး ကိုယ်စားလှယ်အမည်စာရင်း ဆုံးဖြတ်မယ်လို့လည်း စစ်ကောင်စီရဲ့ ဝန်ကြီးအဖြစ်ကနားပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဖြစ်လာသူ ဦးခင်ရီက ပြောပါတယ်။
ပေးပို့လာတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို အတည်ပြုဆွေးနွေးဖို့ တတိယအဖွဲ့အစည်း (Third Party) မှာ စစ်ကောင်စီတပ် ဖြစ်မလား၊ မည်သည့်အဖွဲ့အစည်း ဖြစ်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဒီအကြောင်း မည်သည့်သတင်းဌာနက မေးမြန်းတယ်ဆိုတာကိုလည်း မသိရပါဘူး။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပဖို့ကို ပြည်တွင်းမှာရှိနေစဉ် ဘယ်အချိန် ပြုလုပ်မယ်လို့ ပြောဆိုခဲ့ခြင်း မရှိဘဲ အခုလဆန်းပိုင်းက ဘီလာရုနိုင်ငံကို ရောက်ရှိနေချိန်မှာမှ ဒီဇင်ဘာလအတွင်း ကျင်းပမယ်လို့ စတင် ပြောကြားခဲ့သလို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း လာမယ့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကို ကျင်းပရန်ရှိတယ်ဆိုပြီး တိတိကျကျ မဟုတ်ဘဲ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထားကာ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေ မပါဝင်နိုင်အောင် ကန့်သတ်ချက်တွေ ပြုလုပ်ပြီး အနိုင်ရပါတီကြီးတစ်ခုနဲ့ အစစ်အမှန် ဒီမိုကရေစီလိုလားတဲ့ ပါတီတွေ မပါဝင်တဲ့ ရွေးကောက်ပွဲ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံရဲ့ ၃ ပုံ ၂ ပုံမှာ စစ်ကောင်စီက ထိန်းချုပ်နိုင်မှု မရှိတော့ပေမဲ့ နိုင်ငံတဝန်းအကြား အလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ စစ်ခေါင်းဆောင်က သူ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာလက စတင်ကာ အပိုင်းပိုင်း ပြုလုပ်သွားဖို့ ရှိနေတာကို သူ့ရဲ့ မိန့်ခွန်းတွေအရ မြင်တွေ့နေရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က စစ်ခေါင်းဆောင်ကို အာဏာလွှဲအပ်ထားတဲ့ အမိန့် ရုပ်သိမ်းပြီး ပုဒ်မ ၄၂၉ အရ ၆ လအတွင်း ယာယီသမ္မတဦးဆောင်တဲ့ ကာလုံက ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရမှာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ တာဝန်ထမ်းဆောင်ပြီးဆုံးကြောင်း ကာလုံဥက္ကဋ္ဌဖြစ်တဲ့ ယာယီသမ္မတကို အာဏာ ပြန်အပ်ရမှာ ဖြစ်ပြီး လက်ရှိမှာ စစ်ခေါင်းဆောင်က ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးအကြောင်းပြကာ အနားပေးထားတာကြောင့် ကာလုံဥက္ကဋ္ဌဖြစ်တဲ့ ယာယီသမ္မတ (ယာယီ) စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပဲ ရွေးကောက်ပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – USDP