ငလျင်ကြောင့် ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ရဲ့ နေအိမ်လည်း ပြိုကျသွား

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ရဲ့ နေပြည်တော်မှာရှိတဲ့ နေအိမ်လည်း မတ်လ ၂၈ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေါက်တာသန်းမင်းထွဋ်က မတ်လ ၃၀ရက်နေ့ ညနေပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်လာပါတယ်။
“ငလျင်ကြောင့် အိမ်ပြိုကျသွားပါသည်။ အင်တာနက်အခုမှ ရပါသည်။ ဖုန်းလိုင်းမကောင်းပါ။
မီးရထားဝန်ထမ်းတိုက်များ ပြိုကျပြီးအလောင်း ၁၃ လောင်း ထုတ်ယူခဲ့ပြီး ၃ လောင်း မထုတ်နိုင်တော့ပါ”လို့ ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒေါက်တာသန်းမင်းထွဋ်နဲ့ ဇနီးဖြစ်သူဟာ ငလျင်ဘေးကြောင့် ထိခိုက်မှုမရှိခဲ့ပေမဲ့ အိမ်ရှေ့သံပန်းတံခါးကို ဖျက်ပြီး ဆွဲထုတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် နေပြည်တော်မှာ စစ်ကောင်စီရဲ့ စစ်ရုံးတွေအပါအဝင် ဝန်ထမ်းအိမ်ယာ အများစု ပြိုကျပျက်စီးခဲ့ရပြီး စစ်ကောင်စီက သတင်းဖုံးကွယ်ထားပါတယ်။
“ဘေးကင်းပါတယ်၊ အင်တာနက်ဖုန်းလိုင်း ရလိုက်မရလိုက်ဖြစ်နေတယ်၊ အရမ်းဆိုးတယ်၊ အရမ်းဆိုးတယ်လောက်ပဲ ငါပြောနိုင်တယ်”လို့ နေပြည်တော်မှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးတစ်ဦးကလည်း သူ့ရဲ့ ဇနီးဖြစ်သူကို Tag တွဲကာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဓာတ်ပုံ – ဒေါက်တာသန်းမင်းထွဋ်