တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေမှာ ငလျင်ကြောင့် သေဆုံးသူ ၁၆ဦး ဒဏ်ရာရရှိသူ ၂၈ဦးရှိ၊ ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခံထားရဆဲဖြစ်

Author CJ Platform
Categories
Published on Mar 31, 2025

စစ်ကိုင်းမြို့နဲ့ အနီးတဝိုက် တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေမှာ မတ်လ ၃၁ရက်နေ့ မနက်ပိုင်းထိ စာရင်းများအရ သေဆုံးသူ ၁၆ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၈ဦး ရှိကြောင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးရဲဘော်များဆီက သိရပါတယ်။

 

ငလျင်ကြောင့် စစ်ကိုင်းမြို့နဲ့ အနီးတဝိုက် စိုးမိုးနယ်မြေတွေမှာ ကျေးရွာပေါင်း ၄၃ရွာ ထိခိုက်ခဲ့ပြီး၊ ပြိုကျပျက်ဆီးသည့် နေအိမ်ပေါင်း ၂၃၁လုံး၊ နိုင်ငံပိုင်နဲ့ ဘာသာရေးအဆောက်အဦ ၂၇၃ လုံးရှိတယ်လို့ ကနဦး ကောက်ယူရရှထားတဲ့ စာရင်းတွေအရသိပါတယ်။

“အဓိကထိခိုက်သွားတာ စစ်ကိုင်းမြို့ပေါ်မှာ ကျေးရွာတွေမှာ ထိခိုက်မှုနည်းပါတယ်၊ စစ်တပ်က ပိတ်ထားတော့ သွားကူလို့မရဘူး၊ စိုးမိုးနယ်မြေတွေမှာတော့ ကူညီပံ့ပိုးမှုတွေ လုပ်နေပါတယ်”လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တော်လှန်ရေးရဲဘော်တစ်ဦးက ပြေပါတယ်။

 

စစ်ကိုင်းမြို့ အနီးတဝိုက်ကို စစ်ကောင်စီက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားဆဲဖြစ်ပြီး မြေပြင်ဆက်သွယ်ကူညီရေးတွေ လုပ်ဆောင်ဖို့ နှောင့်နှေးတယ်လို့ သိရပါတယ်။

 

“မြို့ပေါ်တင်မကဘူး စစ်ကိုင်းတောင်ရိုးမှာလည်း ထိခိုက်မှုများလိမ့်မယ်၊ အဲဒီမှာ ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းတွေ အများကြီးပဲ ထိခိုက်မှာ သေချာတယ်၊ သတင်းတွေလည်း မရဘူး၊ ကယ်ဆယ်ရေးတွေလည်း မရှိဘူး”လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာ ရေနဲ့အစားအသောက် အခြောက်အခြမ်းတွေ လိုအပ်နေပြီး ပြည်သူအချို့ဟာ လမ်းမတွေပေါ် တဲထိုးနေထိုင်နေရတယ်လို့ သိရပါတယ်။

 

ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း စစ်ကိုင်းမြို့ပေါ်မှာ အားနည်းနေဆဲဖြစ်ပြီး အဓိက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရမှုဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်နှေးနေစေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပကဖအသံ