စစ်ကောင်စီက နိုင်ငံခြားသတင်းထောက်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သလို ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ ကိုပြန်လွှတ်

Author CJ Platform
Categories
Published on Mar 31, 2025

ငလျင်ဒဏ်ကြောင့် ပိတ်မိနေပြီး သေဆုံးသူတွေရှိနေဆဲ စစ်ကိုင်းငလျင်ကို လာရောက် သတင်းယူမယ့် နိုင်ငံတကာ သတင်းထောက်တွေ နေထိုင်ဖို့အဆင်မပြေဘူးလို့ အကြောင်းပြကာ မတ်လ ၃၀ ရက် မနေ့က ကန့်သတ်လိုက်သလို ထိုင်ဝမ်က ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့် မပေးခဲ့တဲ့အတွက် လက်လျော့လိုက်ပြီလို့ CNA ကတဆင့် သိရပါတယ်။

 

ဆရာဝန်၊ သူနာပြုနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ဝင် ၁၂၆ ဦးပါ ထိုင်ဝမ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဟာ လေဆိပ်မှာ ၄၈ နာရီအကြာ အသင့်အနေအထားနဲ့ ရောက်ရှိနေပြီး ပြည်ဝင်ခွင့်မရတဲ့ အတွက် လက်လျော့လိုက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ငလျင်ဒဏ်ခံစားနေရတာနဲ့ ပတ်သက်ပြီး သတင်းရယူလိုကြောင်း တောင်းဆိုတာရှိတယ်လို့ ပြောကြားထားပြီး သတင်းထောက်တွေရဲ့ သွားရေး၊ လာရေး၊ လျှပ်စစ်နဲ့ ဟိုတယ်တွေလည်း မရှိတဲ့အပြင် နေထိုင်စားသောက်မှု အခက်အခဲ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုခဲ့တာပါ။

 

“ မီဒီယာများ နိုင်ငံခြားသတင်းထောက်များ လာဖို့ခွင့်တောင်းတာရှိပါတယ်။ ဒီကိုရောက်လာရင်လည်း တည်းစရာ နေစရာ အဆင်မပြေပါဘူး ခင်ဗျ” လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောခဲ့တာပါ။

 

ဒါ့အပြင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံထားပြီး ထိုင်ဝမ်ကိုနိုင်ငံအဖြစ် အသိအမှတ်မပြုရာက ရှာဖွေရေးဝန်ထမ်း ၁၂၆ ယောက်၊ ရှာဖွေရေးခွေးခြောက်ကောင်နဲ့ အထူးပြုစက်ပစ္စည်းတွေနဲ့အတူ အဆင်သင့်စောင့်ဆိုင်းနေတဲ့ ထိုင်ဝမ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့လည်း စစ်ကောင်စီက ခွင့်မပြုတာကြောင့် ဝင်ရောက်ခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တဲ့အပြင် လူသေဆုံးထိခိုက်မှု အများအပြား ရှိနေသလို အပျက်အဆီးတွေကြား ပိတ်မိနေဆဲလည်းဖြစ်ပါတယ်။

 

စစ်ကောင်စီက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့နေ့မှာပဲ နိုင်ငံတကာအကူအညီကို တောင်းခံခဲ့ပြီး တရုတ်၊ အိန္ိယနိုင်ငံတို့အပါအဝင် နိုင်ငံတချို့ ဝင်ရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီပဲဖြစ်ပါတယ်။

 

လက်ရှိမှာ ငလျင်ဒဏ်ကြောင့် မတ်လ ၃၀ ရက်နေ့အထိ သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီဖြစ်ပြီး ပြိုကျနေတဲ့ အပျက်အဆီးတွေကြား ပိတ်မိနေသူတွေကျန်ရှိနေသလို တချို့နေရာတွေမှာ အပုတ်နံ့တွေပင် ရနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – NFA Special Search & Rescue Team