အမ်း-ပဒါန်း ကားလမ်းမပေါ်က ချင်းရွာတွေကို ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ ကန့်သတ်ထား
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းပေါ်က ချင်းရွာ ၂၀ ကျော်ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့် ပြန်လည် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်း – ပဒါန်း ကားလမ်းပေါ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကစလို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အခုလို ကန့်သတ်ထားလိုက်တာ ဖြစ်ပါတယ်။
“အဓိက ကန့်သတ်တာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေပါ။ အရင်က စျေးတစ်ခါဝယ်ယူရင် တစ်လစာခန့် ဝယ်ယူလေ့ရှိကြတဲ့ ဒေသခံတွေဟာ အခုဆိုရင် တစ်ပတ်စာလောက်သာ သယ်ယူခွင့်ရတော့တယ်။ အဲဒီထက် ပိုသယ်ယူရင် စစ်ကောင်စီတပ်ရဲ့ ပျဥ်းဝစစ်ဆေးရေးဂိတ်က သယ်ယူဖို့ မပေးဘဲ သိမ်းဆည်းလိုက်တာတွေ လုပ်ဆောင်တယ်”လို့ အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အမ်း-ပဒါန်း ကားလမ်းပေါ်က ဒေသခံပြည်သူတွေဟာ တစ်ပတ်တစ်ကြိမ်ခန့် ပဒါန်းမြို့ကို စျေးဝယ်စျေးသွား ပြုလုပ်နေရတဲ့အတွက် အဲဒီလို ကန့်သတ်လိုက်တာကြောင့် အချိန်ကုန်ပြီး အလုပ်အကိုင်ပျက်သလို လမ်းစရိတ်တွေလည်း အကုန်အကျများနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညောင်ပင်ကုန်း၊ စပ်စီ၊ အာဇာနဲ့ ကျွဲတလင်း စတဲ့ချင်းရွာတွေက ဒေသခံတွေကိုလည်း စစ်ကောင်စီတပ် ပျဥ်းဝစစ်ဆေးရေးဂိတ်က ပဒါန်းမြို့ပေါ် သွားရောက်ပြီး စပါးကြိတ်ခွင့်မပေးဘဲ ပိတ်ထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလဆို တောင်ယာ စပါးရိတ်တယ်။ တောင်ယာက စပါးတွေ ပဒါန်းမှာ ဆန်စက်နဲ့ ကြိတ်တယ်။ ရွာဘက်မှာ ဆန်စက်တွေ မရှိဘူး။ အခု ပဒါန်းကို စပါးသွားကြိတ်ခွင့် မပေးဘူး။ စစ်သားတွေက ဆဲဆိုပြီး ပိတ်ထားတယ်။ အဆင်မပြေဘူး”လို့ အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီလို ပိတ်ထားလိုက်တာကြောင့် ဒေသခံတွေဟာ ဆန်ကို တစ်ပတ်စာ၊ ငါးရက်စာကို တောလမ်းကနေ ခြေလျင်နဲ့ ပဒါန်းမြို့အထိ သွားရောက်ကာ စပါးကြိတ်နေရတယ်လို့ ဆိုပါတယ်။
အမ်း-ပဒါန်း လမ်းပေါ်မှာ နိုဝင်ဘာလတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အခုအခါ စစ်ကောင်စီတပ်ရဲ့ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်တာကြောင့် ဒေသခံပြည်သူတွေအပြင် စစ်ဘေးရှောင်တွေပါ စားဝတ်နေရေးအခက်တွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ငဖဲမြို့နယ် အမ်း-ပဒါန်း လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါဝင် ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ACDF တာဝန်ရှိသူဆီက သိရပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဟာ ချင်းရွာဖြစ်တဲ့ စပ်စီကျေးရွာကို ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – အမ်း-ပဒါန်း ကားလမ်းကို တွေ့မြင်ရစဥ်။ (ပုံအဟောင်း)