စစ်ကြောင်းတွေထိုးနေလို့ ကျွန်းလှနဲ့ ကန့်ဘလူရှိ ကျေးရွာ ၂၀ ခန့်က ဒေသခံတွေ ဘေးလွတ်ရာ ပြေးနေရ

Author မင်းထက်
Categories
Published on Dec 31, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးနေတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဗုံးသီး အန္တရာယ်တွေကြောင့် ကျေးရွာ ၂၀ ခန့်က ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

 

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ  နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို စစ်ကြောင်းထိုး ၀င်ရောက်နေတာဖြစ်ပါတယ်။

 

“ဒေသတွင်းက ပြန်၀င်လို့ မရဘူး။ စစ်ကြောင်းထိုးကတည်းက အဲဒီနား ပတ်ပတ်လည် ရွာတွေက အုပ်စုလိုက်တွေ တစ်ရွာနဲ့တစ်ရွာ နီးနီးလေးဆိုတော့ သိပ်မဝေးတော့ ပြန်၀င်လို့တော့မရဘူး”လို့  ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို ခြေကုပ်ယူပြီး အင်အားခွဲကာ လွှတ်တိုက်၊ သံပုရာပင်စု၊ မြဘုံသာ၊ ဆွဲလှဲ၊ မဒေါင်၊ မန်ကျည်းကုန်း စတဲ့ရွာတွေကို စစ်ကြောင်းထိုး စီးနင်းပြီး အထိုင်ချထားပါတယ်။ ဒါ့အပြင် အင်အားအခွဲတွေဟာ စစ်ကြောင်းလှည့်လာတာတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ ဒရုန်းနဲ့ ဗုံးသီးချတာတွေ  ဒီကနေ့ ဒီဇင်ဘာ ၃၁  အထိ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာကို စစ်ကောင်စီနဲ့ ပျူအင်အား ၃၀ ခန့်က ပစ်ခတ်ဝင်ရောက်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

 

အဲဒီစစ်ကောင်စီတပ်သားတွေက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကန့်ဘလူမြို့နယ်၊ တဲကြီးကုန်းရွာကို  ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်ဆီးမှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

 

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ် အတွင်းက ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ မြင်သာဦး၊ အောင်ရန်ကင်း၊ မန်ကျည်းကုန်း၊ လက်ခုပ်ပင်၊ ညောင်ကုန်း၊ အောင်ချမ်းသာ၊ ရွာသစ်၊ ပင့်သာ၊ ရှမ်းကုန်း၊ အင်းမနဲ့ ပေတပင် စတဲ့ ကျေးရွာ ၂၀ ခန့်က ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူပူးပေါင်းအဖွဲ့ကို ဒေသတော်လှန်ရေးတပ်တွေက မန်ကျည်းကုန်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  အထိနာသွားတဲ့ စစ်ကောင်စီတပ်က  ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ တစ်စင်းနဲ့ နှစ်ကြိမ် ပစ်ကူပေးခဲ့သလို တော်လှန်ရေးတပ်တွေက ပြန်လည် ဆုတ်ခွာပြီးနောက် မန်ကျည်းကုန်းရွာကို အထိုင်ချတပ်ဆွဲခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

 

လက်ရှိမှာ စစ်ကြောင်းထိုးမှုတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေအနေနဲ့ ဆောင်းတွင်းကာလ  အအေးဒဏ်ကြောင့် နာစေး၊ ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးစတဲ့ ကျန်းမာရေးပြဿနာ တွေ့ကြုံနေကြရပြီး ဆေး၀ါး လိုအပ်ချက်တွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဆေးဝါးအပြင် ဆောင်းတွင်းကာလမှာပင် အိုးအိမ်စွန့်ခွာ ရက်ရှည်တိမ်းရှောင်ခဲ့ရတာကြောင့် စစ်ရှောင်တွေဟာ စားသောက်ကုန်၊ အနွေးထည်၊ စောင်နဲ့ အမိုးအကာတွေလည်း  အရေးပေါ်လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးတိုးရှိတဲ့ လူကြီးပိုင်းတွေအတွက် ဆေး၀ါးတွေလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက သိရပါတယ်။

 

ဓာတ်ပုံ- ကျွန်းလှ  တက်ကြွလှုပ်ရှားသူများအဖွဲ့

 

ပုံစာ- ကန့်ဘလူ စစ်ဘေးရှောင်တွေကိုတွေ့ရစဥ် ( ပုံဟောင်း)