ရန်ကုန်မှာ စစ်ကောင်စီ ဧည့်စာရင်း တင်းကြမ်းစစ်ဆေးပြီး လူတွေ ဖမ်းဆီးနေ ရခိုင်လူမျိုးတွေကို ဦးတည်ဖမ်းဆီးနေ

Author သုတ
Categories
Published on Dec 31, 2024

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်နဲ့ အစစ်အဆေး ကြမ်းတမ်းနေပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း လူတွေဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မရမ်းကုန်း၊ ဗိုလ်တတောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေနဲ့ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်တွေမှာ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အဲဒီမြို့တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်၊ ရဲ၊ ထွေ/အုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်တဲ့ အဖွဲ့စုံက မရမ်းကုန်းမြို့နယ်အတွင်း ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဲဒီမြို့နယ်အတွင်းနေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ဒေါ်နီလာမြင့်က ပြောပါတယ်။အဲဒီမှာ ရခိုင်လူမျိုး ၂၀ ခန့်အပါအဝင် အယောက် ၆၀ ခန့် ဖမ်းဆီးခံရတယ်လို့ အဲဒီအကြောင်း သိရှိထားတဲ့ သူမက ပြောပါတယ်။

 

“အိမ်ထောင်စုစာရင်းမပြနိုင်တဲ့လူတွေကို အဓိကဖမ်းတယ်။ အချို့ကိုတော့ ငွေပေးလို့ပြန်လွှတ်ပေးတာရှိတယ်။ အချို့ကတော့ ပြန်လွတ်လာသံမကြားဘူး။ ရန်ကုန်မှာ သင်တန်းလာတက်တဲ့သူ စက်ရုံအလုပ်လုပ်သူတွေကျ အထောက်အထားမပြနိုင်ကြတာတွေရှိတယ်။ ရခိုင်တွေ အများဆုံးပါသွားတာ” လို့ ဒေါ်နီလာမြင့်က ပြောပါတယ်။

 

ဒီလိုဖမ်းဆီးခံရမှုတွေနဲ့ပတ်သက်လို့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။ဖမ်းဆီးထားသူတွေကို မြို့မရဲစခန်းကို ခေါ်ဆောင်သွားပြီးနောက် အိမ်ထောင်စုစာရင်း၊ အထောက်အထားတစ်စုံတစ်ရာပြနိုင်ပါက ငွေကြေးယူကာ ပြန်လွှတ်ပေးပြီး ရခိုင်လူမျိုးဆိုပါက မေးမြန်းစစ်ဆေးမှုတွေပိုလုပ်တယ်လို့ ဖမ်းဆီးမှုကနေ ပြန်လွတ်မြောက်လာတဲ့ ရခိုင်လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“ရခိုင်တွေကိုတော့ အဓိကပစ်မှတ်ထားတာတွေ့ရတယ်။ ကျွန်တော်တို့က စစ်ဘေးရှောင်တွေပေမဲ့ စာရွက်စာတမ်းအစုံပါလာတော့ နောက်ဆုံး ပြောဆိုပြီးပြန်တော့လွှတ်တယ်။ ဒါပေမဲ့ ယုတ်ယုတ်ညံ့ညံ့တွေလည်းပြောတယ်။ AA နဲ့ အချိတ်အဆက်ရှိလား။ ရခိုင်နဲ့ဆိုင်တဲ့ တက်တူးတွေရှိမရှိကိုလည်း စစ်တယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းကိုလည်း ဒီဇင်ဘာ ၁၅ နဲ့ ၂၂ ရက်နေ့တွေမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့စုံက ဧည့်စာရင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ အဲဒီမြို့ခံတွေဆီကနေ သိရပါတယ်။

 

“ဗန္ဓုလအငှားအိမ်ရာဝန်းထဲကို တစ်ခန်းမကျန် လာစစ်ဆေးသွားတယ်။ အထပ်တိုင်းကို စစ်တာ။ အဖမ်းခံရသူတွေရှိတယ်။ ရဲစခန်းကိုခေါ်သွားပြီး တချို့ကိုတော့ ပြန်လွှတ်ပေးလို့ ပြန်ရောက်လာသူတွေရှိတယ်” လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာနေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်မိုးမိုးအေးက CJ Platform ကို ပြောပါတယ်။

 

စစ်မှုထမ်းဥပဒေအတည်မပြုမီကတော့ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးထားသူတွေကို မှတ်ပုံတင်သိမ်းဆည်းထားပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတွေက ငွေကျပ်တစ်သောင်းနဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး လက်ရှိမှာတော့ ကျပ်သိန်းနဲ့ချီ ငွေညှစ်တာတွေလုပ်ဆောင်လာတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ရန်ကုန်မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေးမှုမကြာခဏလုပ်ဆောင်နေသလို အလုပ်သွား၊ အလုပ်ပြန်တဲ့လူငယ်လူရွယ်တွေကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေလည်းရှိနေတာကြောင့် လူငယ်တွေအနေနဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

 

ရခိုင်ပြည်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရခိုင်လူမျိုးအများစုဟာ ရန်ကုန်၊ ဧရာဝတီတို့အပါအဝင် စစ်ဘေးလွတ်ရာဒေသတွေဆီ သွားရောက်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ဒါပေမဲ့ စစ်ကောင်စီက ရခိုင်လူမျိုးတွေကို ဖမ်းဆီးတာတွေလုပ်ဆောင်နေသလို နေထိုင်ခွင့်မပြုဘဲ အတင်းဖိအားပေး ရွှေ့ပြောင်းခိုင်းတာတွေလုပ်ဆောင်နေတာကြောင့် သွားလာနေထိုင်ရေးနဲ့ပတ်သက်လို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – SAC

 

ပုံစာ – ဧည့်စာရင်းစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်(ပုံဟောင်း)