အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
နှစ်ပေါင်း ၆၀ အတွင်း အဆိုးဆုံး အခြေအနေနဲ့ မန်ယူ ကြုံနေရ
မန်ယူအသင်းဟာ နယူးကာဆယ်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ ၁၉၇၂ နောက်ပိုင်း ပြိုင်ပွဲစုံ အိမ်ကွင်း သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရပြီဖြစ်ပါတယ်။ မန်ယူဟာာ ဆာမတ်ဘတ်စ်ဘီလက်ထက် ၁၉၆၂-၆၃ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို ကြုံတွေ့ခဲ့ရတာပါ။
ဒီလိုရလဒ်ဆိုးတွေကြောင့် မန်ယူဟာ အမှတ်ပေးဇယား အဆင့် ၁၄ ထိ ရောက်နေခဲ့ပြီး တန်းဆင်းဇုန်နဲ့ ခုနစ်မှတ်သာ ကွာတော့တဲ့အနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒါနီ အိုလ်မိုကို မှတ်ပုံတင်နိုင်ရေး အယူခံပယ်ချခံလိုက်ရတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာ ယူရိုသန်း ၆၀ နဲ့ ခေါ်ယူထားခဲ့တဲ့ ဒါနီ အိုလ်မိုကို လာလီဂါမှာ ကစားသမားသစ်အဖြစ် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိဘဲ ဒဏ်ရာကြောင့် ကာလရှည်နားနေခဲ့ရတဲ့ ခရစ်တီယန်ဆန်ရဲ့နေရာမှာ ယာယီမှတ်ပုံတင်ခဲ့ရတာပါ။
အခုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမှာဖြစ်လို့ အယူခံဝင်ခဲ့ပေမဲ့ ပယ်ချခံလိုက်တာပါ။ အိုလ်မိုဟာ ဘာစီလိုနာကို ပြောင်းစဉ်က ကလပ်ရဲ့ ကစားသမားမှတ်ပုံတင်မှု ပြဿနာကို သိရှိထားပြီး ကစားသမား မှတ်ပုံတင်နိုင်မှု မရှိခဲ့ရင် အခြားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တဲ့ အချက်ကို စာချုပ်အတွင်းမှာ ထည့်သွင်းချုပ်ဆိုထားခဲ့တယ်လို့ သိရပါတယ်။
ဘက်ခမ်းရဲ့မှတ်တမ်းကို ဆာလား ကျော်ဖြတ်နိုင်ပြီ
ဒီရာသီ လီဗာပူးလ်အသင်းရဲ့ အမြင့်ပျံခရီးမှာ အဓိက စွမ်းဆောင်ပေးထားသူကတော့ ဆာလားပါပဲ။ ဆာလားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သီးသန့် ၁၈ ပွဲကစားပြီးချိန်မှာ ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်က ဝက်စ်ဟမ်းကို ငါးဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ကစားသမားဘဝ ဂိုးဖန်တီးမှု ၈၁ ကြိမ်ထိ ရှိလာခဲ့ပါပြီ။ ဒါကြောင့် မန်ယူကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု ၈၀ ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရလဒ်ဆိုးရွားတွေကြောင့် ရာထူးမှ နုတ်ထွက်နိုင်ကြောင်း ရွန်နီဝန်ခံ
ပလိုင်းမောက်နည်းပြ ဝိန်းရွန်နီက အောက်စဖို့ဒ်အား ရှုံးနိမ့်ပြီးနောက်ရာထူးမှ နုတ်ထွက်လာနိုင်ကြောင်း ဝန်ခံလာပါတယ်။ မန်ယူဂန္ထဝင် တိုက်စစ်မှူးဝိန်းရွန်နီကိုင်တွယ်တဲ့ ပလိုင်းမောက်ဟာ တနင်္ဂနွေနေ့တုန်းက ရှုံးပွဲကြောင့် ချန်ပီယံရှစ်အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေရပြီး နိုင်ပွဲပျောက်နေခဲ့တာလည်း နှစ်လအထိ ကြာမြင့်နေတာပါ။
ပလိုင်းမောက်ကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ရွန်နီက သူဟာ ပလိုင်းမောက်နည်းပြရာထူးအတွက် သင့်တော်သူတစ်ဦး ဖြစ်သလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်နေရပြီလို့ ဆိုလာပါတယ်။
ရွန်နီဟာ အဖွင့်ပွဲ ကိုးပွဲမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေနဲ့ မဆိုးလှတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ပေမဲ့လည်း အောက်တိုဘာလအစပိုင်းမှ စတင်ကာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။