အမ်း နပခ ဒု-တိုင်းမှူးနဲ့အဖွဲ့ ထွက်ပြေးတဲ့ ရဟတ်ယာဉ်ကို AA ပစ်ခတ်ပေမဲ့ လွတ်မြောက်သွားလို့ဆို အမ်းတိုက်ပွဲ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိ

Author သုတ
Categories
Published on Oct 31, 2024

ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထွက်ပြေးသွားတဲ့ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့အဖွဲ့ရဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်ကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

သူတို့ဟာ အမ်း(နပခ)ကနေ မကွေးတိုင်းအခြေစိုက် တပ်မ(၈၈)ကို ဆုတ်ခွာသွားတာဖြစ်တယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“တပ်တော်က ပိတ်ဆို့ထားတယ်။ သူတို့ပိတ်မိနေပြီ။ နပခ အရံတပ်ရင်းတွေလည်း တစ်ခုပြီးတစ်ခု ကျလာတာကလည်း တစ်ကြောင်းပေါ့။ ဒါကြောင့် ဒု-တိုင်းမှူးနဲ့ အပေါ်ပိုင်းအရာရှိတွေနေရာရွှေ့တာ။ သတင်းရထားတာကတော့ မကွေးမှာရှိတဲ့ တပ်မမှာ ဝင်ခိုနေတယ်ကြားတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီ Mi-17 ရဟတ်ယာဉ်ကို AA က ပစ်ချနိုင်ခဲ့တာမဟုတ်ဘဲ ပစ်ခတ်နိုင်ခဲ့ရုံပဲဖြစ်ပြီး လွတ်မြောက်သွားတယ်လို့ AA နဲ့နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။

 

ဒီသတင်းကို ထပ်မံအတည်ပြုနိုင်ဖို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

 

အမ်းမြို့ကို သိမ်းပိုက်ရရှိနိုင်ရေး AA က ပတ်ပတ်လည် ပိတ်ဆို့ကာ အရှိန်မြှင့်ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲမှာ အကြိတ်အနယ်ဖြစ်နေပြီး လက်ရှိမြို့သိမ်းတိုက်ပွဲတွေထဲ အပြင်းထန်ဆုံးဖြစ်တယ်လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောဟိန်းတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ မဲတောင်ဗျူဟာခမရ-၃၇၃၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်(စဖရ)နဲ့ ဆေးတပ်စခန်းတို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီဘက်ကလည်း အမ်း(နပခ)ကို လက်လွှတ်လိုက်ရပါက ရခိုင်ပြည်ကို လက်လွှတ်ရသလောက်ဖြစ်သွားနိုင်တဲ့အတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်တိုင်းဌာနချုပ်မကျရှုံးစေရေး လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ AA ရဲ့ ထိုးစစ်ကို ခုခံကာကွယ်လျက်ရှိတယ်လို့ မြို့ခံတွေ ပြောဆိုပါတယ်။

 

ဓာတ်ပုံ- SAC

 

ပုံစာ – စစ်ကောင်စီတပ်ရဲ့ စစ်ရေးလေကျင့်မှုတစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)