ချင်းမှာ သုံးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀၀ ကျော်ပြုလုပ်ခဲ့ရာမှာ ကလေး ၂၉ ဦးအပါအဝင် အရပ်သား ၁၀၀ ကျော်သေဆုံး

Author ဆလိုင်း
Categories
Published on Oct 31, 2024

ချင်းပြည်မှာ စစ်ကောင်စီတပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ဒီနှစ် ၂၀၂၄ စက်တင်ဘာလကုန်အထိ သုံးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ်ပြုလုပ်ခဲ့ရာမှာ ကလေး ၂၉ ဦးအပါအဝင် အရပ်သား ၁၀၈ ဦးသေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့(CHRO)က အောက်တိုဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် ကလေး ၂၁ ဦးအပါအ၀င် အရပ်သား ၂၃၁ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ CHRO က ဆိုပါတယ်။

 

ချင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဧရိယာနဲ့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်တယ်လို့ CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က CJ Platform ကို ပြောပါတယ်။

 

“တိုက်ပွဲဖြစ်နေတဲ့အချိန် တိုက်ပွဲဧရိယာထဲမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား သေဆုံးတာထက်စာရင် အရပ်သားတွေနေထိုင်တဲ့နေရာကို တိုက်ခိုက်ပြီး အရပ်သားသေဆုံးမှုက ပိုများပါတယ်။ လေကြောင်းတိုက်ခိုက်မှုက ချင်းပြည်နယ်မြို့နယ်အားလုံးပါပဲ” လို့ သူက ပြောပါတယ်။

 

ချင်းပြည်မှာ အရင်နှစ်တွေထက် ဒီနှစ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး မင်းတပ်မြို့နယ်က လေကြောင်းတိုက်ခိုက်ခံရတာ အများဆုံးပဲလို့ CHRO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်အတွင်းရှိ စာသင်ကျောင်းဆောင် ၂၂ လုံး၊ ကျန်းမာရေးအဆောက်အအုံ ခြောက်လုံး၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၂၁ လုံးနဲ့ ဗုဒ္ဓဘာသာဘုရားကျောင်း ငါးကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ CHRO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခုနောက်ပိုင်း ချင်းပြည်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဟာ ​မြေပြင်လမ်းကြောင်းကနေ စစ်ကူမပို့ပေးနိုင်တဲ့အတွက် လေကြောင်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာတာဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်-ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ချင်းပြည်နယ်က စစ်ရေးအခြေအနေကြည့်မယ်ဆိုရင် မြို့ပေါ်ရပ်ကွက်တချို့ကလွဲရင် နယ်ကျေးရွာတွေအားလုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီပေါ့နော်။ အဲဒီအတွက် စစ်ကောင်စီက တစ်မြို့နဲ့ တစ်မြို့ စစ်ကူပို့ဖို့ အဆင်မပြေတော့ဘူး။ ဒါကြောင့် တိုက်ပွဲဖြစ်ပြီဆိုရင် သူတို့က လေကြောင်းပဲ အဓိကထားအသုံးပြု တိုက်ခိုက်လာတယ်” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူတွေဟာ ဆေးကုသစရိတ်အခက်အခဲကြောင့် ဆေးကုသမှု အပြည့်အဝမလုပ်နိုင်ကြဘူးလို့ မတူပီမြို့နယ်က အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“CHRO နဲ့ တခြား NGO အဖွဲ့တွေကလည်း ကူညီပေးတာတွေရှိပေမဲ့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ဘက် ဆေးကုသတဲ့ခါ နေစရာ၊ စားစရာ၊ သွားစရာ စရိတ်တွေက အရမ်းကုန်ကျစရိတ်များတော့ ထောက်ပံ့ ကူညီပေးတဲ့ငွေက မလောက်ဘူး။ ဆေးကုသဖို့ အခက်ခဲတွေရှိတာပေါ့လေ။ ချေးငှားပြီး ကုသရတဲ့အခြေအနေမျိုးဆိုတော့ လုံလုံလောက်လောက် မကုသနိုင်ဘူး။ နည်းနည်းသက်သာတာနဲ့ ဆင်းလိုက်ရတာ။ ဆေးခန်းရက်ချိန်းမသွားတာတွေရှိတယ်” လို့ သူက ပြောပါတယ်။

 

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ယမန်နေ့ အောက်တိုဘာလ ၃၀ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပါဝင် သတ်ဖြတ်ခံရတဲ့အရပ်သား စုစုပေါင်း ၅၉၀၁ ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CHRO

 

ပုံစာ – ဧပြီလ နှောင်းပိုင်းမှာ ချင်းပြည်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရစဉ်