“ဒီကနေ့ အောက်တိုဘာ ၃၁ ရက်၊ ကြာသာပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးရွာဖို့ ရာခိုင်နှုန်း ၈၀ ထိရှိ

Published on Oct 31, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်(တောင်ပိုင်း)၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။

 

ဖိလစ်ပိုင်အရှေ့ပင်လယ်ဘက်မှာဖြစ်ပေါ်နေပြီး ထိုင်ဝမ်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်း KONG-REY ရဲ့ အပြင်ဘက်တိမ်တိုက်တွေနဲ့ လေစီးကြောင်းတွေက ထိုင်ဝမ်ကျွန်းကို စတင်ထိတွေ့နေပြီဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံပေါ်မှာတော့ မွန်းလွဲ၊ ညနေပိုင်းနဲ့ ညပိုင်းမှာ တစစီ ပြန့်ကျဲလွင့်မျောလာတဲ့ အရှေ့မြောက်ဘက်က တိမ်အစုလေးတွေ ခပ်ကျဲကျဲဝင်လာနေပြီး အဲဒီတိမ်တိုက်အစုတွေ ဖြစ်ပေါ်ဖြတ်သန်းတဲ့နေရာမှာ အချိန်အနည်းငယ်လောက် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ ယမန်နေ့ညနေပိုင်းမှာ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

 

တနင်္သာရီတိုင်းမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ

Related News

Depend on news