စစ်ကောင်စီလူကြီးလမ်းကြောင်းကားကို ထိခိုက်မိလို့ လှိုင်သာယာမှာ ဘေးတွဲတွေကို အမိုးဖြုတ်ခိုင်း မဖြုတ်ရင် ဘေးတွဲသိမ်းမယ်လို့ဆို
စစ်ကောင်စီလူကြီးလမ်းကြောင်းကားကို ထိခိုက်မိလို့ဆိုကာ ရန်ကုန်တိုင်း၊ လှိုင်သာယာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အမိုးတွေဖြုတ်သိမ်း မောင်းနှင်ခိုင်းထားတယ်လို့ ဘေးတွဲမောင်းသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်က အောင်မြေသာယာစေတီတော်ဆီ ရောက်လာတဲ့ ရန်ကုန်တိုင်းစစ်ကောင်စီအဖွဲ့ဝင်လမ်းကြောင်းကားကို ဘေးတွဲတစ်စီးရဲ့ အမိုးနဲ့ချိတ်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“သူတို့လူကြီးလမ်းကြောင်းကားတွေထဲက တစ်စီးကို အမိုးနဲ့ချိတ်မိသလိုဖြစ်သွားတာ။ အဲဒါကို (အောက်တိုဘာ)၂၅ ကနေစပြီး အမိုးတွေအကုန်ဖြုတ်ခိုင်းတာပဲ။ အဲဒီငြိတဲ့ဘေးတွဲကိုလည်း သိမ်းသွားတယ်။ လူကိုတော့ ဘာမှလုပ်မသွားဘူး။ တော်သေးတယ်ပြောရမယ်” လို့ ဒီအကြောင်းသိရှိထားသူ လှိုင်သာယာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဘေးတွဲမောင်းသူအမျိုးသားက ပြောပါတယ်။
အမိုးတပ်ထားတာကို ဖမ်းမိပါက ဆိုင်ကယ်သိမ်းဆည်းခံရမှာဖြစ်တယ်လို့ ဘေးတွဲမောင်းသူတွေက သိရပါတယ်။
“တခြားနံပါတ်ပြားမပါတာ၊ ဝတ်စ်ကုပ်မဝတ်တာတို့ဆို ဒဏ်ငွေဆောင်လိုက်ရင်ရတယ်။ အမိုးမဖြုတ်ထားဘဲမောင်းမိလို့ မိရင်တော့အသိမ်းခံရမှာ။ နောက်ပြီး သူတို့ဖမ်းတာတွေ့လို့ မောင်းပြေးရင် အတင်းလိုက်ပြီးတော့ ပါးတွေဘာတွေတောင် ရိုက်တာတွေလုပ်တယ်” လို့ လှိုင်သာယာမြို့နယ် အမှတ်(၁၅)ဈေးမှာ ဘေးတွဲမောင်းနှင်နေသူတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်က ရပ်ကွက်တချို့မှာ ဘေးတွဲဆိုင်ကယ်ဆွဲခွင့်လိုင်စင်ရဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ တစ်လကို ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲအထိ ပေးသွင်းနေရတာပါ။
ပြီးခဲ့တဲ့ ဧပြီလကလည်း ည ၈ နာရီနောက်ပိုင်း လမ်းမပေါ်ဖြတ်သန်းမောင်းနှင်ရင် ပစ်ခတ်ဖမ်းဆီးမယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ထားပါသေးတယ်။
သတင်းနဲ့ ဓာတ်ပုံ – ကိုထက်