သက်တမ်းတိုး မင်းအောင်လှိုင်က စစ်တပ်အတွင်း နေရာအပြောင်းလဲ ထပ်မံလုပ်ဆောင် လူယုံတွေကို အရေးကြီးနေရာတွေကို ရာထူးတိုးပေး

Author စကားဝါ
Categories
Published on Jan 31, 2025

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အစည်းအဝေးခေါ်ပြီး အရေးပေါ်အခြေအနေကို နောက်ထပ် (၆) သက်တမ်းတိုးခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲ့တပ်တွင်းမှာလည်း ရာထူးနေရာအပြောင်းအလဲတွေကို ဒီကနေ့ ဇန်နဝါရီ ၃၁ရက်နေ့မှာ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

 

စစ်တက္ကသိုလ် အပတ်စဉ် (၃၈)ဆင်းဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို စစ်ထောက်ချုပ်အဖြစ် ရာထူးပြောင်းရွေ့ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လူယုံတစ်ဦးဖြစ်သူ စစ်တက္ကသိုလ် အပတ်စဉ် (၄၀)ဆင်း ဗိုလ်မှူးချုပ် ပြည့်စုံလင်းကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူးအဖြစ်ကနေ ရကတတိုင်းမှူးအဖြစ် ပြောင်းရွေ့နေရာပေးခဲ့ပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၄၁)ဆင်း ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်ကိုတော့ ကရခတိုင်းမှူးအဖြစ် ပြောင်းရွေ့နေရာပေးခဲ့တယ်လို့ သိရပါတယ်။

 

“အဓိက ရာထူးကြီးကတော့ သူတို့ သုံးယောက်ပေါ့၊ ဒုတိယဗိုလ်မှူးကြီးတွေကိုတော့ အကုန်ဗျူဟာမှူးတွေ တိုးပေးလိုက်တယ်”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီဟာ ဖွဲ့စည်းပုံပျက်စီးနေတဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ပြည်သူတွေကို မဖြစ်မနေစစ်မှုထမ်းခိုင်းနေပြီးတော့ စစ်တပ်အတွင်းမှာ ရာထူးနေရာတွေကိုပါ ပြောင်းရွေ့မှုတွေ လုပ်ဆောင်နေတာပါ။

 

ဓာတ်ပုံ – pro-SCA