လူတစ်သိန်းအထိ ဝင်ဆံ့မယ့် ကွင်းသစ်တည်ဆောက်ဖို့ မန်ယူနိုက်တက်စီစဉ်

Author မောင်ရှမ်း
Categories
Published on Jul 30, 2024

အင်္ဂလန်ပရီးယားမီးယားလိဂ်ထိပ်တန်းကလပ် မန်ချက်စတာယူနိုက်တက်အသင်း ပိုင်ရှင်သစ်ဟာ လက်ရှိအိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ အိုးထရက်ဖိုဒ့်ကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။

 

ဆာဂျင် ရက်ဖ်ကလစ်ဟာ သူ့အသင်းကို ပရိသတ် တစ်သိန်းအထိဝင်ဆံ့မယ့် ကွင်းသစ်စီမံကိန်းတစ်ခု စတင်ဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။

 

လက်ရှိ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖိုဒ့်ဟာ ပရိသတ်ဦးရေ ၇၄,၀၀၀ နီးပါးဝင်ဆံ့ပြီး ၁၁၄ နှစ်ကြာ အသုံးပြုထားတာပါ။

 

ဒါကြောင့် ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီးကတော့ အသင်းကို မြင့်မားတဲ့အဆင့်အတန်းဆီ ပြန်လည်ပို့ဆောင်နိုင်ဖို့ ခမ်းနားတဲ့ ကွင်းသစ်ကြီးတစ်ကွင်းကိုလည်း တည်ဆောက်လိုနေတာ ဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း မန်ယူအသင်းကို ရင်းနှီးမြှပ်နှံမှုတွေထည့်ဝင်ထားတဲ့ INEOS စီးပွားရေးလုပ်ငန်းအင်အားစုဟာ စပိန်ထိပ်တန်းကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အိမ်ကွင်းတွေကို ပြန်လည်မွမ်းမံတဲ့အပေါ် သဘောကျနေပါတယ်။

 

ကွင်းသစ်စီမံကိန်းအတွက် လာမယ့်ဒီဇင်ဘာလမှာ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မှာဖြစ်ပြီး အကောင်အထည်ပေါ်လာပါက အဆိုပါကွင်းဟာ ဗြိတိန်မှာ အကြီးဆုံး ဘောလုံးကွင်းဖြစ်လာဖို့ ရှိနေပါတယ်။

 

လက်ရှိ ဗြိတိန်ရဲ့ အကြီးဆုံး ဘောလုံးကွင်းကတော့ ပရိသတ် ကိုးသောင်းဆံ့ အစိုးရပိုင် ဝင်ဘလေကွင်းဖြစ်ပါတယ်။

 

ယူနိုက်တက်အသင်းရဲ့ ရှယ်ယာရှင်တွေနဲ့ အသင်းတာဝန်ရှိသူတွေဟာ ကွင်းကို ရီးရဲလ်နဲ့ ဘာစီလိုနာတို့လို ကွင်းကို ပြန်လည်မွမ်းမံမလား၊ ဒါမှမဟုတ် အသစ်တည်ဆောက်မလားဆိုတာကို စဉ်းစားနေကြဆဲဖြစ်ပြီး အသစ်တည်ဆောက်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ သုံးသပ်ပြောဆိုနေပါတယ်။

 

အဘယ့်ကြောင့်ဆိုသော် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ ကွင်းသစ်တည်ဆောက်မယ်ဆိုပါက ကုန်ကျစရိတ် ပေါင် ၁ ဒသမ ၅ ဘီလျံကနေ ၂ ဘီလျံလောက်အထိ ကုန်ကျမှာဖြစ်ပေမဲ့ ကွင်းဟောင်းကို ပြင်ဆင်တိုးချဲ့မယ်ဆိုပါကလည်း ပေါင်သန်း ၈၀၀ ခန့်အထိ ကုန်ကျနိုင်တယ်လို့ Daily Telegraph သတင်းဌာနက ရေးသားထားပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မန်ယူနဲ့ အာဆင်နယ်တို့ ခြေစမ်းပွဲကစားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့အိန်ဂျလိစ်မြို့က SoFi အမည်ရ အားကစားကွင်းကို ယူနိုက်တက်ရှယ်ယာရှင်တွေက သဘောကျနေပြီး အဲဒီကွင်းရဲ့ ပုံစံအနေအထားတွေနဲ့ ဒီဇိုင်းတွေကိုလည်း လေ့လာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

 

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖိုဒ့်ကို ၂၀၀၆ ခုနှစ် မတ်လတုန်းက နောက်ဆုံးအကြိမ်ပြင်ဆင်ထားပြီး အဲဒီတုန်းက ထိုင်ခုံ ၈၀၀၀ အထိတိုးမြှင့်တပ်ဆင်ခဲ့ပါတယ်။

 

ယူနိုက်တက်အသင်းဟာ ကွင်းသစ်စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းမှာ အတည်ပြုပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ တည်ဆောက်ဖြစ်ခဲ့ပါက ကွင်းတည်ဆောက်ချိန်ဟာ ၅ နှစ်နီးပါးကြာမြင့်မယ်လို့ ခန့်မှန်းထားတာကြောင့် ၂၀၃၀ ခုနှစ်မှ ကွင်းသစ်ကို စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ သူတို့ရဲ့အိမ်ကွင်း ဝှိုက်ဟတ်လိန်းကို ဖျက်သိမ်းကာ ကွင်းသစ်တည်ဆောက်ခဲ့စဉ်က အင်္ဂလန်အသင်းရဲ့ ဝင်ဘလေကွင်းကို သုံးနှစ်ကြာ ငှားရမ်းအသုံးပြုခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – SPORTbible