သမဝါယမစနစ်က နိုင်ငံ့စီးပွားရေးနဲ့အသင့်လျော်ဆုံးလို့ စစ်ခေါင်းဆောင်ပြော သမအသင်းတွေ ပြန်ဖွဲ့မယ်လို့ပြော
စစ်အစိုးရအဆက်ဆက် အထူးအောင်မြင်ခဲ့တဲ့ သမဝါယမစနစ်ကသာ လက်ရှိနိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အသင့်လျော်ဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ခြောက်ကြိမ်မြောက် စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သမဝါယမစနစ်ဆိုတာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီတဲ့ လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရတဲ့ အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသလို ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ပါဝင်ဆောင်ရွက်နိုင်တဲ့လုပ်ငန်းနဲ့ အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ လုပ်ငန်းများရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
“အဲဒီလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ သမဝါယမစနစ်က သင့်လျော်တဲ့စနစ် တစ်ခုဖြစ်တယ်” လို့ ကိုယ့်ဘာသာ ယာယီသမ္မတရယူထားသူက ပြောပါတယ်။
ဒါကြောင့် သမဝါယမအသင်းများ ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးနောက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်များကို အခြေခံတဲ့ စက်ရုံ၊ အလုပ်ရုံများ တည်ထောင်စေလိုတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ စစ်ကောင်စီက အရင်းအနှီး၊ နည်းပညာနဲ့ တခြားလိုအပ်တာတွေကို ထောက်ပံ့ကူညီသွားမယ်လို့ ၎င်းက ပြောပါတယ်။
“သမစာအုပ်နဲ့ ဆီတွေ၊ ဆန်တွေ ထုတ်ရတယ်။ ကုလားမခြင်းစွဲနို့ဆီတို့ဘာတို့ ထုတ်ရတယ်။ ကောင်းတာ ဘာမှမရှိခဲ့ဘူး။ ကောင်းစားခဲ့တာ ပစ္စည်းထုတ်ပေးတဲ့သူတွေပဲ” လို့ သမခေတ်ကိုမီလိုက်သူ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
အသက် ၆၀ နီးပါးရှိပြီဖြစ်တဲ့ ၎င်းက “ကျွန်တော်တွေ့မြင်ဖူးခဲ့တဲ့ သမခေတ် ပစ္စည်းထုတ်ပေးသူတွေကိုဆို အကုန်လုံးကို ဖားနေရတာ။ သူဋ္ဌေးတွေ ဖြစ်ကုန်တာပဲ။ အဲဒီနေရာ ရဖို့လည်း မလွယ်ဘူး။ ငွေလိုက်နိုင်မှရတယ်။ အဲဒီနေရာရရင်လည်း အကောင်ပဲ” လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ သမဝါယမစနစ်ကို အင်္ဂလိပ်ခေတ် ၁၉၀၄ ခုနှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၁၉၁၂ ခုနှစ်မှာ သမဝါယမအသင်းများဆိုင်ရာအက်ဥပဒေကို အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ ဦးနေဝင်းအစိုးရ တက်လာပြီးနောက် သမဝါယမစနစ် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး ၁၉၇၀ ခုနှစ်၊ မေလ ၂၈ ရက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေအရ သမဝါယမလုပ်ငန်းများကို ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းဘောင်အတွင်းက လုပ်ဆောင်ရပြီး သမဝါယမအသင်းများက လယ်ယာ၊ သားငါး၊ သစ်တော၊ စက်မှုလက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အိမ်ငှား၊ ပြည်တွင်းလက်လီ/လက်ကား ကုန်သွယ်ရေး စတဲ့ကဏ္ဍအားလုံးမှာ ပါဝင်ဆောက်ခဲ့ရပါတယ်။
ဦးနေဝင်းဟာ သမဝါယမအသင်းများကို မြို့ပေါ်ရပ်ကွက်၊ ဌာနဆိုင်ရာများနဲ့ ကျေးရွာများပါမကျန် တစ်နိုင်ငံလုံး ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတက်လာပြီးနောက် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ ဦးနေဝင်းရဲ့ ၁၉၇၀ သမအသင်းဥပဒေပါပုဒ်မတချို့ကို ဦးသန်းရွှေရဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပြင်ဆင်/ဖြည့်စွက်တာတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
ဦးနေဝင်းလက်ထက် ဖွဲ့စည်းထားတဲ့ သမအသင်း ၂၀,၀၀၀ ကျော်အနက် ဆိုရှယ်လစ်ခေတ်က ပါဝင်ခဲ့တဲ့ အမှုဆောင်ကော်မတီတွေကို သမဝါယမဝန်ကြီးဌာနရဲ့ အဲဒီနှစ် ဇန်နဝါရီ ၂ ရက်မှာ တာဝန်က ရပ်စဲခဲ့ပြီးနောက် အရပ်ဘက်က လူတွေကို အစားထိုးခန့်အပ်ခဲ့ပါတယ်။
အဲဒီနောက် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး သမဝါယမအသင်းသစ်တွေကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်းအထိ ၁၂ နှစ်အတွင်း သမအသင်း ၁၈,၀၀၀ နီးပါးအထိ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC