ရန်ကုန်မှာ မိုးအဆက်မပြတ်ရွာနေလို့ မြို့နယ်အများအပြား ရေကြီး၊ အရှေ့နဲ့ တောင်ဒဂုံတို့က အိမ်ထောင်စုရာချီ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရ

Author ကိုထက်
Categories
Published on Jul 30, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့မှာ ဇူလိုင် ၂၀ ရက်မှ ဒီကနေ့ ဇူလိုင် ၃၀ ရက်အထိ ၁၁ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာသွန်းနေလို့ မြို့နယ်အတော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ကမာရွတ်၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းမြို့နယ်တွေနဲ့ ကျန်မြို့နယ်တချို့မှာ လမ်းတွေအပြင် အနိမ့်ပိုင်း ရပ်ကွက်တွေက နေအိမ်တွေထဲအထိ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

“နှစ်တိုင်းတော့ မိုးများရင် ရေဝင်လေ့ရှိပါတယ်။ ဒီနှစ်လည်း ထိုနည်း၎င်းပဲပေါ့။ ရေတွေ ဝင်နေပါပြီ” လို့ ရွှေပြည်သာမြို့ခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ဒါ့အပြင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြို့နယ်တွေဖြစ်တဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာတော့ မိုးကြီးပြီးနောက် ရေမြုပ်နေတဲ့ ရပ်ကွက် ငါးခုက အိမ်ထောင်စု ၅၀၀ နီးပါးအထိ ရေဘေးကြုံနေရတယ်လို့ စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ဇူလိုင်လ ၂၈ ရက်ကတည်း ရေတွေဆက်တိုက်တက်လာတာကြောင့် နေအိမ်ထဲနေလို့မရတဲ့ အိမ်ထောင်စုတချို့ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အရှေ့ဒဂုံဘက်ဆိုရင် နောင်ရိုးချောင်းတစ်လျှောက် ရပ်ကွက်တွေပေါ့။ ၁၃၃၊ ၁၂၊ ၁၃ အဲဒီရပ်ကွက်တွေပေါ့။ ဇူလိုင် ၂၈ ကတည်းက ရေတွေတက်လာတာ။ တောင်ဒဂုံဘက်ဆိုရင် ၇၀၊ ၇၁ ရပ်ကွက်တွေဆို ရေတော်တော်တက်နေတယ်” လို့ ၎င်းက‌ ပြောပါတယ်။

 

လက်ရှိ ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေမှာ လျှပ်စစ်မီးတွေလည်းပြတ်တောက်နေသလို ချက်ပြုတ်စားသောက်ရေးအခက်အခဲတွေ ရှိနေတာကြောင့် ထမင်းထုပ် ၂၀၀၀ လောက်အထိ နေ့စဉ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများထံမှ သိရပါတယ်။

 

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လှိုင်မြစ်ရေတက်လာပြီး မှော်ဘီမြို့နယ်က ကျေးရွာတစ်ရွာနဲ့ ရွှေပြည်သာမြို့နယ်က ရပ်ကွက် ငါးခုမှာ ‌ရေကြီးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မှော်ဘီမြို့နယ်က မြစ်ကျိုးရွာနဲ့ ရွှေပြည်သာမြို့နယ်က ၅၊ ၈၊ ၁၉၊ ၂၀၊ ၂၃ ရပ်ကွက်တွေမှာ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာပဲ နေအိမ်တွေထဲထိ ရေတွေဝင်လာလို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ MFSD က သတင်းထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်မြို့က လှိုင်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်းဘေးတလျှောက် မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေအနေနဲ့ ၂၄ နာရီအတွင်း အထူးသတိထားနေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပြောဆိုထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ဧရာဝတီ၊ ပဲခူး၊ စစ်တောင်းတို့အပါအဝင် မြစ်ခုနစ်စင်းမှာ စိုးရိမ်ရေမှတ်ကျော်နေလို့ ဟင်္သာတ၊ ဇလွန်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ ဘီးလင်း စတဲ့မြို့နယ်တွေအပြင် ဆိပ်သာ၊ မ‌ဒေါက်နဲ့ ငါးသိုင်းချောင်းမြို့တို့က မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းဘေးနေသူတွေ ရေဘေးဂရုပြုကြဖို့ ယမန်နေ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – စေတနာရှင်လူမှုကူညီရေးအသင်း

 

ပုံစာ – ဇူလိုင် ၂၉ ရက်တုန်းက ဒဂုံမြို့သစ်ထဲ ရေကြီးနေတဲ့ တစ်နေရာကို တွေ့မြင်ရစဉ်