ရန်ကုန်မှာ စက်သုံးဆီပြန်ပြတ်လာလို့ နာရီနဲ့ချီ ပြန်တန်းစီဝယ်ယူနေရ

Author ကိုထက်
Categories
Published on Jul 30, 2024

ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းကစပြီး စက်သုံးဆီ ပြန်လည်ပြတ်လပ်လာတာကြောင့် နာရီနဲ့ချီ တန်းစီဝယ်ယူနေရပြန်တယ်လို့ ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်များထံမှ သိရပါတယ်။

 

ဇူလိုင်လ ၂၉ ရက်ညနေပိုင်းမှ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းလောက်အထိ ‌အောက်တိန်း 95 ဝယ်မရဖြစ်နေတယ်လို့ လှိုင်သာယာမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ‌ပြောပါတယ်။

 

“မနေ့ညနေတည်းက ပြန်တန်းစီနေရတာ။ 95 ဆိုလုံးဝမရဘူး။ ရတဲ့ဆိုင်တွေကျ အကြာကြီးပဲတန်းစီရတယ်။ ပြီးတော့ သုံးသောင်းဖိုးပဲ တစ်စီးကို ရောင်းပေးတယ်။ 92 ကတော့ ရသေးတယ်။ ဒီဇယ်တွေ ပရီမီယံဒီဇယ်တွေကတော့ ဆိုင်တွေမှာတစ်မျိုးကရရင် တစ်မျိုးကမရဘူး” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ စက်သုံးဆီဝယ်ယူရရှိမှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဆင်ပြေနေပေမဲ့ မနေ့ ဇူလိုင် ၂၉ ရက်ညနေပိုင်းကစလို့ ပြန်လည်ဝယ်ယူရခက်လာတာပါ။

 

ဒီကနေ ဇူလိုင် ၃၀ ရက် စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၆၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၇၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၆၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၇၇၀ ကျပ်တို့ အသီးသီးဖြစ်ပါတယ်။

 

ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကလည်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – CJ