မြန်မာနိုင်ငံတဝှမ်း လူငယ်ထိန်းသိမ်းရေးစခန်းက လူငယ်တွေ နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်ခံနေရလို့ PPNM ဆို

Published on May 30, 2024

မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေဟာ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ မေ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ရန်ကုန်မြို့၊ ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်းက အမျိုးသမီးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကြုံတွေ့နေရသလို ရေချိုးနေရာ၊ အဝတ်အစားလဲနေရာနဲ့ အိမ်သာတွေအထိ CCTV ကင်မရာတွေ တပ်ဆင်စောင့်ကြည့်ခံနေရတယ်လို့ PPNM က ဆိုပါတယ်။

 

အိမ်သာအသုံးပြုမှုစည်းကမ်းနဲ့ အခြားစည်းကမ်းတွေ ဖောက်ဖျက်တဲ့အခါ ရိုက်နှက်အပြစ်ပေးတာအပြင် အဝတ်အစားတွေ ချွတ်ခိုင်းတာမျိုးအထိ အပြစ်ပေးခံရတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

“အိမ်သာသွားချိန်မှာဆို သူတို့သတ်မှတ်ထားတဲ့အချိန်မှာ ဥပမာ မနက် ၉ နာရီကနေ မနက် ၁၂ နာရီအတွင်း အိမ်သာတက်တာအပြီးဆို နေ့ခင်း ၁ နာရီမှ ဗိုက်နာတယ်ဆိုလည်း သူတို့စည်းကမ်းဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်ခံရတာရှိတယ်။ အာဏာသိမ်းပြီးကာလမှာဆို သူတို့ ပါးစပ်ကထွက်တာက စည်းကမ်းပဲဆိုတော့ ဘယ်လိုပုဒ်မတွေ၊ ဘယ်လို အပြစ်တွေဆိုတာတော့ စာရွက်တွေနဲ့ ပြဌာန်းထားတာမျိုးမဟုတ်ဘူးဗျ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

 

နောက် ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းမှာလည်း ဝန်ထမ်းတွေရဲ့ဆွေမျိုး ယောကျ်ားလေးတွေ ဝင်ထွက်နေတာဟာ အမျိုးသမီးငယ်တွေရဲ့ အဝတ်အစားလဲချိန်၊ ရေချိုးချိန်တွေနဲ့ တိုက်ဆိုင်မှုတွေရှိနေတာကြောင့် စိတ်မလုံခြုံမှုတွေခံစားနေရပြီး တချို့အမျိုးသမီးငယ်တွေဟာ အပျိုဖော်ဝင်ရွယ်ဖြစ်တာကြောင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေလုံလောက်အောင် မထောက်ပံ့တဲ့အတွက် ရာသီသွေးဆင်းချိန်ရက်တွေမှာ အဆင်မပြေတာမျိုးတွေလည်းဖြစ်ပေါ်ခံစားနေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မန္တလေးမြို့က ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းမှာလည်း ကရင်နီ(ကယား)၊ ချင်းပြည်နဲ့ အခြားတိုင်းတွေက ဖမ်းဆီးအကျဉ်းချခံထားရသူတွေဖြစ်တာကြောင့် ပါဆယ်မပို့ပေးနိုင်တဲ့အတွက် အလှူရှင်ရှိတဲ့ရက်တွေမှသာ အသားဟင်းစားရပြီး ကျန်အချိန်တွေမှာ ပဲဟင်းနဲ့ ထမင်းကိုပဲ စားနေရတာကြောင့် အဲဒီသင်တန်းကျောင်းက အမျိုးသမီးတွေမှာ အစာအာဟာရပြတ်လို့ ကိုယ်ခံအားကျဆင်းပြီး ချိနဲ့တာမျိုးတွေအထိ ခံစားနေရတယ်လို့ PPNM တာဝန်ရှိသူက ဆိုပါတယ်။

 

လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတွေဟာ အမျိုးသားတွေအတွက် ရန်ကုန်မှာ သံလျင်နဲ့ ငှက်အော်စန်း၊ မန္တလေးမှာတော့ လူငယ်သင်တန်းကျောင်း(မန္တလေး)ဆိုပြီး ရှိပါတယ်။ အမျိုးသမီးတွေအတွက်တော့ ရန်ကုန်မှာ ဗဟန်းနဲ့ ကော့မှူးသင်တန်းကျောင်းနဲ့ မန္တလေးမှာတော့ ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းတို့ဆိုပြီး တည်ရှိနေပါတယ်။

 

အဲဒီလူငယ်ထိန်းသိမ်းရေးကျောင်းတွေမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ လူငယ်နိုင်ငံရေးအကျဉ်းသား/သူ ၄၀ဝ ဦးအထက်မှာရှိနိုင်ပြီး အသက် ၁၃ နှစ်ကနေ ၁၈ နှစ်၊ ၂၁ နှစ်အရွယ်တွေအထိထိန်းသိမ်းခံထားရတယ်လို့ ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီအာဏာသိမ်းတာ ၁၂၁၄ ရက်ပြည့်တဲ့ မနေ့ မေလ ၂၉ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ကာ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၆,၇၇၃) ဦးရှိပြီး အဲဒီထဲက (၂၀,၅၂၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၉၀၇၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

 

ပုံ- PPNM