စစ်မှုထမ်း အပတ်စဥ်( ၂ )အတွက် စစ်ကိုင်းနဲ့ မကွေးက လူငယ် ၅၀၀ ကျော် စစ်သားသစ်အဖြစ် စုဆောင်းခံရ၊ အရင်အပတ်စဉ်ထက် ဆိုးဆိုးရွားရွား စစ်သားစုဆောင်းတာတွေလုပ်ဆောင်ခဲ့လို့ဆို

Author မင်းထက်
Categories
Published on May 30, 2024

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၂)အတွက် စစ်ကိုင်းနဲ့ မကွေးတိုင်း စတဲ့ဒေသအတွင်းက လူငယ် ၅၀၀ ကျော်ကို အတင်းအကြပ်စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 

(Burma Affairs and Conflict Study – BACS)အဖွဲ့ရဲ့ ‘စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း- အပတ်စဉ်( ၂ )’ အစီရင်ခံစာမှာ ဖမ်းဆီးခံရသူတွေအနက် အညာဒေသတွင်းက လူငယ် ၅၀၀ ကျော်မှာ စစ်ကိုင်းတိုင်းက ၁၀၀ ကျော်နဲ့  မကွေးတိုင်းက ၄၀၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။

 

စစ်မှုထမ်းပထမအသုတ်မှာ အတင်းအကျပ်ဖမ်းဆီးစုဆောင်းမှုအချို့ရှိခဲ့ပေမဲ့ ဒုတိယအသုတ်လို အတင်းအကြပ်ဖမ်းဆီးစုဆောင်းမှုအများအပြားမရှိခဲ့ပါ။ စစ်မှုထမ်း အကောင်အထည်ဖောင်ဆောင်မှုမှာ စစ်ကောင်စီစိုးမိုးအားကောင်းတဲ့ ဒေသတချို့ကိုသာ ဖော်ဆောင်နိုင်ပြီး တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတွေမှာတော့ အ​ကောင်ထည်ဖော်နိုင်မှုမရှိခဲ့ဘူးလို့ BACS အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

 

စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၂) စစ်သင်တန်းအတွက် ဧပြီလဆန်းပိုင်းကတည်းက မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒုတိယသုတ်အတွက် ​ခေါ်ယူမှုမှာ ပုံမှန်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်စတဲ့ မြို့နယ်ပေါင်း ၂၀ က  လူငယ် ၉၀၀ ကျော်ဟာ အဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ BACS ရဲ့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အညာဒေသက အောင်လံ၊ နတ်မောက်၊ ရေဦးအပြင် ပဲခူး၊ ဒိုက်ဦး စတဲ့ဒေသတွေမှာ အတင်းအကြပ်ဖမ်းဆီးစုဆောင်းမှုတွေ အများဆုံးလုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

 

စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ စာရင်းအသွင်းခံထားရသူတွေအပါအဝင် လူငယ်အများစုဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတာကြောင့် အမှတ်စဥ်(၂)အတွက် စုဆောင်းရာမှာ လက်ဖက်ရည်ဆိုင်၊ စစ်ဆေးရေးဂိတ်မှာတွေ့တဲ့သူတွေနဲ့ လမ်းသွားလမ်းလာတွေကိုပါမကျန် အဓမ္မဖမ်းဆီးတဲ့အထိ ဆိုးရွာလာတာလို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

 

အခုလို အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့အတွက်  သတင်းမီဒီယာစာမျက်နှာတွေပေါ်မှာ ပါရှိတဲ့အချက်အလက်တွေကို  ကိုးကားသုံးသပ်ဖော်ပြခဲ့တာလို့ BACS က ဆိုပါတယ်။

 

ဒီနှစ် ၂၀၂၄ ခု၊ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေကို အာဏာသက်ဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုမှာ သင်တန်းသား ၅၀၀၀ ခေါ်ယူမှာဖြစ် တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာသက်ဝင်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို  တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ဧပြီ ၈ရက်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ မေ ၁၄ ရက်က ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ သတင်းအချက်လက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – စစ်တပ်လော်ဘီချန်နယ်