ယနေ့မနက်ပိုင်း ကန်တစ်ဒေါ်လာ ၄၆၀၀ နဲ့ ပြင်ပရွှေဈေး ၅၈ သိန်းကျော်ဖြင့် ဖွင့်

Author ကိုထားဝယ်
Categories
Published on May 30, 2024

ယနေ့ မေ ၃၀ ရက် မနက်ပိုင်း ပြင်ပ ရွှေ၊ ငွေဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်အတိနဲ့ ၁၆ ပဲရည် ရွှေတစ်ကျပ်သား ၅၈ သိန်းကျော်နဲ့ ဈေးဖွင့်လာတယ်လို့ အဲဒီဈေးကွက်တွေထဲကနေ သိရပါတယ်။

 

ဒါကြောင့် မနေ့ကထက် အဖွင့်ဈေးမှာတင် ကန်တစ်ဒေါ်လာကို ၅၀ ကျပ်တက်လာတာဖြစ်သလို ရွှေ တစ်ကျပ်သားကိုလည်း သောင်းဂဏန်းတက် ဖွင့်လာကြတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးကတော့ မနေ့ကထက် အကျဈေးနဲ့ စဖွင့်လာခဲ့ပြီး မနေ့က တစ်အောင်စ အမေရိကန် ၂၃၄၃ ဒေါ်လာကနေ ဒီနေ့မနက်ပိုင်းမှာတော့ တစ်အောင်စ ၂၃၃၂ ဒေါ်လာနဲ့စတင်ဖွင့်လှစ်လာပါတယ်။

 

အခြားနိုင်ငံခြားငွေဈေးတွေဖြစ်တဲ့ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ် အားလုံးဟာလည်း မနေ့ကထက် ဈေးမြင့်ဖွင့်လာတာကို တွေ့မြင်ရပါတယ်။

 

ဒီနေ့မနက်ပိုင်း နိုင်ငံခြားငွေ အဖွင့်ဈေးတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၃၃၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၂ ကျပ်နီးပါး၊ ဂျပန်တစ်ယန်း ၃၀ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၉၈၂ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၃၇ ကျပ်ဖြစ်ပါတယ်။

 

ဒီလို ပြင်ပရွှေဈေးနဲ့ နိုင်ငံခြားငွေဈေးတွေမြင့်တက်နေပေမဲ့လည်း စစ်ကောင်စီလက်ဝေခံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အဖွင့်ဈေးကတော့ ၁၆ ပဲရည်ရွှေတစ်ကျပ်သား ၃,၉၉၉,၈၀၀ ကျပ်နဲ့ပဲ အပြောင်းအလဲမရှိ ဖွင့်လှစ်လာခဲ့တာတွေ့ရပါတယ်။