စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးမြို့က အရပ်သားလေးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on May 30, 2024

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ မေလ ၂၉ ရက် ညပိုင်းက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“အကြောင်းမဲ့ပါ။ ကြံသာပျူရွာနဲ့ အပစ်ခံရတဲ့ တင်သာကျေးရွာအနောက်ပိုင်းက တောင်ဘက်မြောက် ဘက်ဆိုတော့ မကြာခဏ လက်နက်ကြီးနဲ့ ထုခံရတယ်။ အခုထိတော့ သေဆုံး လေးယောက်နဲ့ ဒဏ်ရာရ ၁၁ ယောက်ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ‌ဆေးရုံမှာ ပို့ထားတယ်ကြားပါတယ် ။အသေးစိတ်တော့ မသိရသေးပါဘူးခင်ဗျ” လို့ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပစ်ခတ်တာလို့ ​ဒေသခံတချို့က​ပြောဆိုကြပြီး မနေ့က မေ ၂၉ ရက် နံနက် ၁၀ နာရီလောက်မှာ သေဆုံးသူတွေထဲက ဆွေမျိုးနီးစပ်တော်သူတစ်ဦးဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကလေးမြို့နယ် တင်သာကျေးရွာအနောက်ပိုင်းမှာ အခုလေးတင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုလိုက် ထိမှန်ပြီး ဆုံးသွားတယ်။ လေးယောက်ဆုံးပြီး ဒဏ်ရာရလူဦးရေအတိအကျ မသိရသေးပါလို့ ရေးသားဖော်ပြခဲ့တာကိုလည်း​ တွေ့ရပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး  ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၅၁၆၀)ဦးရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP)ဆီက သိရပါတယ်။