ချင်းမိုင်က Pride Parade ပွဲမှာ လက်ထပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက လိင်တူ ချစ်သူစုံတွဲ

Author အဂ္ဂ
Categories
Published on May 30, 2024

မြန်မာနိုင်ငံက လိင်တူချစ်သူစုံတွဲတစ်တွဲဟာ လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBTQ) အတွက် ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူတို့ရဲ့ မွေးရပ်မြေ(မြန်မာနိုင်ငံ) ကို စွန့်ခွာပြီး သူတို့အတွက် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ ပိုမိုရရှိနိုင်တဲ့၊ သူတို့ရဲ့ ဖြစ်တည်မှုကိုလည်း ပိုပြီးလက်သင့်ခံနိုင်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လက်ထပ်ပွဲတစ်ခုကို မေ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

 

“ဉာဏ်” နဲ့ “မယ်” လို့အမည်ရတဲ့ ချစ်သူနှစ်ဦးဟာ ချင်းမိုင်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူများ (LGBTQ) ရဲ့ချီတက်ပွဲ (Pride Parade)မှာ ပါဝင်ကြတဲ့ လူပေါင်းထောင်ချီရဲ့ ရှေ့မှာ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

တနင်္ဂနွေနေ့ (မေ ၂၆ ရက်) ညနှောင်းပိုင်းမှာ လုပ်ခဲ့တဲ့ အထိမ်းအမှတ်ပွဲဟာ ပေါင်းစည်းခြင်း သင်္ကေတတစ်ခုသာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပါလီမန်က ဒီနှစ်ကုန်ပိုင်းလောက် (အောက်တိုဘာလလောက်ဖြစ်နိုင်) မှာ လိင်တူလက်ထပ်ခြင်းကိုသာ အတည်ပြုခဲ့မယ်ဆိုရင်တော့ သူတို့နှစ်ဦးဟာ အတည်တကျ လက်ထပ်ပေါင်းသင်းဖို့ စီစဉ်ထားကြပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးနဲ့ လိင်တူချင်းချစ်ကြိုက်သူ (Queer) အဖြစ်ခံယူထားတဲ့ “မယ်”ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လှုပ်ရှားတက်ကြွသူတစ်ဦးလည်းဖြစ်ပြီး အခုလို လက်ထပ်ထိမ်းမြားဖို့ ထိုင်းနိုင်ငံကို လာရောက်ရခြင်းဟာ သူနဲ့ သူ့လက်တွဲဖော်ဖြစ်သူ “ဉာဏ်” တို့ဟာ ဒီလိုအခွင့်အရေးမျိုးကို မြန်မာနိုင်ငံမှာဆိုရင် ရနိုင်မှာမဟုတ်တာကြောင့်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံဟာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမျှမှုကို ရရှိနိုင်တဲ့ ပထမဦးဆုံး အရှေ့တောင်အာရှ နိုင်ငံ ဖြစ်လာနိုင်မယ့် အနေအထားမှာ ရှိနေပြီး ဥပဒေအဖြစ် အသက်ဝင်လာဖို့ကတော့ ပါလီမန်မှာ နောက်ထပ်မဲနှစ်မဲ ရဖို့လည်းလိုအပ်နေပါသေးတယ်။ အခုလို ဖွံ့ဖြိုးတိုးတက်လာမှုကပဲ ဒေသတွင်းက LGBTQ အသိုင်းအဝိုင်းကြားမှာ ထိုင်းနိုင်ငံဟာ သူတို့အတွက် ဘေးကင်းလုံခြုံရာဖြစ်တယ်ဆိုတဲ့ ဂုဏ်သတင်းကိုလည်း ပိုပြီးခိုင်မာစေခဲ့ပါတယ်။

 

အာရှတိုက်မှာဆိုရင် ထိုင်ဝမ်နဲ့ နီပေါနိုင်ငံတို့ကသာ လိင်တူခြင်း လက်ထပ်ထိမ်းမြားမှုကို လက်ခံတာပဲ ဖြစ်ပါတယ်။ ဉာဏ် နဲ့ မယ် တို့ဟာ Pride Parade မတိုင်မီမှာ ချင်းမိုင်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ လက်စွပ်ခြင်းလဲလှယ်ပြီး ထုံးတမ်းစဉ်လာအရ ထိမ်းမြားလက်ထပ်ပွဲကို သီးခြားဆင်နွှဲခဲ့ကြပါတယ်။

 

“မြန်မာနိုင်ငံမှာသာဆိုရင် အခုလိုမျိုးလုပ်ဖို့ စဉ်းစားလို့တောင် မရနိုင်ပါဘူး”လို့ မယ် ကဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ဆိုရင် လက်ရှိအချိန်ထိ ကျင့်သုံးနေဆဲဖြစ်တဲ့ ကိုလိုနီခေတ် ဥပဒေတွေအရ  လိင်တူလက်ထပ်ခြင်းဟာ တရားမဝင်ပါဘူး။ ကိုလိုနီခေတ် ဥပဒေတွေကို တသမတ်တည်း လိုက်နာကျင့်သုံးခြင်း မရှိပေမယ့် LGBTQ အသိုင်းအဝိုင်းဟာဆိုရင် မကြာခဏဆိုသလို ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာနဲ့ ထောင်သွင်းအကျဉ်းချတာတွေကို ကြုံနေရဆဲပဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှုစတင်ပြီးတဲ့အချိန်ကစလို့ စစ်တပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြားက ပဋိပက္ခတွေဟာ ပိုပိုပြီးသာပြင်းထန်လို့ လာနေပါတယ်။ ကုလသမဂ္ဂ (UN) ရဲ့ အဆိုအရ ပဋိပက္ခတွေကြောင့် လူပေါင်း ၂ ဒဿမ ၇ သန်းဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်တပ်ဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကျူးလွန်လျက်ရှိတယ်လို့ စွပ်စွဲထားပါတယ်။

 

သုတေသနသမားလည်းဖြစ် လိင်တူခြင်းချစ်ကြိုက်သူ (Queer) လည်းဖြစ်သူ “ဉာဏ်” အတွက်ကတော့ ထိုင်းနိုင်ငံမှာလာပြီး အိမ်ထောင်ပြုတယ်ဆိုတာက တော်လှန်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံမှာဆိုရင် တရားမျှတမှုရနိုင်ဖို့အတွက် လူတိုင်းက သူတို့ရဲ့အသက်တွေကိုပါစတေးပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေကြပါတယ်။ ဒါကလည်း(လိင်တူခြင်းလက်ထပ်ခြင်း) ကျွန်တော်တို့ရဲ့ တော်လှန်ရေးပါပဲ။  ကျွန်တော်တို့ လက်ထပ်တယ် ပြီးတော့ တစ်ယောက်ကိုတယောက်ခွန်အားပေးပြီး တရားမျှတမှုရဖို့ တိုက်ပွဲဝင်နေတာပါပဲ”လို့ သူကဆိုပါတယ်။

 

ချင်းမိုင်မြို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ သူတွေရဲ့ ခိုလှုံရာဖြစ်ခဲ့ပြီး အခုဆိုရင် ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းတွေ ရှိရာနေရာလို့တောင် ဆိုလို့ရနေပါပြီ။

 

သူနဲ့ မယ်ဟာ ဘန်ကောက်က သူ့ရဲ့ရုံးခန်းမှာ ၂၀၂၂ ခုနှစ်မှာတွေ့ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံက သူတို့တွေရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ပြီး ကောင်းမွန်တဲ့ ကြိုဆိုမှုတွေလည်း ရခဲ့တယ်လို့ ဉာဏ်က ပြောပါတယ်။

 

ချင်းမိုင်မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ချီတက်ပွဲကို လူပေါင်း (၂၀၀၀) ကနေ (၃၀၀၀) ဝန်းကျင်အထိတက်ရောက်ခဲ့ကြပါတယ်။  ဒါဟာ LGBTQ ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြမှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့ ၂၀၀၉ ခုနှစ်မှာ ချင်းမိုင်မှာပဲ ပြုလုပ်ခဲ့တဲ့ ပထမဆုံး အကြိမ်ချီတက်ပွဲနဲ့ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။

 

“အိမ်နီးချင်းနိုင်ငံက စုံတွဲတွေ ဒီပွဲကိုလာပြီး ဆင်နွှဲနေကြတာကို မြင်ရတာက တကယ်ကို အားရစရာပါပဲ”လို့ ချင်းမိုင်မြို့က ချီတက်ပွဲကို စီစဉ်သူဖြစ်တဲ့ Sirisak Chaited က Thai PBS သတင်းဌာနကို ပြောပါတယ်။

 

“လိင်တူလက်ထပ်ခြင်းကိုသာ ထိုင်းနိုင်ငံက ဥပဒေအတည်ပြု ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ကျွန်တော်တို့လိုမျိုး လိင်တူလက်ထပ်ခြင်းအတွက် တိုက်ပွဲဝင်နေတဲ့ အိမ်နီးခြင်းနိုင်ငံတွေအတွက် ထိုင်းနိုင်ငံက စံပြနိုင်ငံ ဖြစ်လာမှာပါ။” လို့ သူကဆက်ပြောပါတယ်။

 

“ဉာဏ်” နဲ့ “မယ်” တို့ကတော့ ၂၀၂၅ ခုနှစ်ထဲမှာ ကတိကဝတ်တွေ အပြန်အလှန် ဖလှယ်နိုင်ပြီး သူတို့ရဲ့ အိမ်ထောင်သည် ဘဝရဲ့ ပထမဆုံးနှစ်ကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

 

ပုံစာညွှန်း- ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် အပြန်အလှန်လက်စွပ်လဲလှယ်နေကြသည့် “ဉာဏ်” နှင့် “မယ်” ကိုတွေ့ရစဉ်

 

ဓာတ်ပုံ – Lillian SUWANRUMPHA / AFP

 

ကိုးကား- Thaiger