မဟာဗောဓိမြိုင်ဆရာတော် ပျံလွန်တော်မူ

Author ကိုထားဝယ်
Categories
Published on Apr 30, 2024

စာရေးသူတစ်ဖြစ်လည်း မဟာဗောဓိမြိုင်ဆရာတော် ဝနဝါသီ အရှင် ဉေယျ ဓမ္မသာမိသည် ယနေ့ ဧပြီ ၃၀ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ပျံလွန်တော်မူကြောင်း ဆရာတော်၏ ဒကာ၊ ဒါယိကာများက လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြချက်အရ သိရသည်။

 

မဟာဗောဓိမြိုင် ဆရာတော်ကြီးသည် သက်တော် (၈၃)နှစ်၊ သိက္ခာတော် (၄၅)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၇)ရက်၊ အင်္ဂါနေ့တွင် ခန္ဓာ ချုပ်ငြိမ်းတော်မူသွားပြီဖြစ်သည်ဟု တပည့်ရဟန်းများနှင့် ဒကာ၊ ဒါယိကာမများက ဆိုသည်။

 

“မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူကြောင်းကြားသိရလို့ သံဝေဂဖြစ်မိပါတယ်ဘုရား။ တပည့်ရင်းပမာ၊ အရဟံ သိဒ္ဓိ ဂုဏ်တော်ပွားနည်း ချီးမြှင့်ခြင်း၊ သာသနာပြု လုပ်ငန်းများအား အကြံပြု သြဝါဒပေးခဲ့သည်ကို သတိရလျက်ပါဘုရား” ဟု ဆရာတော်ကြီး၏ တပည့်ရဟန်းတစ်ပါးဖြစ်သည့် ကမ္ဘာလုံးဆရာတော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

 

မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာဇာတိဖြစ်ပြီး ဖခင် ဦးဘစံ၊ မိခင် ဒေါ်မေတို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ငြိမ်းမောင်ဖြစ်သည်။

 

ဆရာတော်သည် ဘာသာရေးအပါအဝင် သုတ၊ ရသ စာပေမျိုးစုံကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။

 

ဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၄ နှစ်အရွယ်တွင် ရဟန်းစဝတ်ခဲ့သော်လည်း ဆယ်နှစ်အကြာ အသက် ၂၇ နှစ်အရွယ်တွင် လူဝတ်လဲခဲ့ပြီးနောက် ၁၄ နှစ်အကြာ အသက် ၃၈ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်ခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်