ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အာဠာဝကစစ်ကြောင်းမှ ရဲဘော်နှစ်ဦး စတေးခဲ့ရ

Author လင်းနွေဦး
Categories
Published on Apr 29, 2024

ပဲခူးတိုင်းအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အာဠာဝကစစ်ကြောင်းမှ ရဲဘော်နှစ်ဦးသည် ဧပြီလအတွင်းဖော်ဆောင်ခဲ့သော ဖာပွန်မြို့စစ်ဆင်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့သည်ဟု ကျဆုံးရဲဘော်များနှင့်နီးစပ်သူ စစ်ကြောင်းထောက်ပို့တစ်ဦးထံမှ သိရသည်။

 

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော် ပြည့်ဖြိုးဟိန်း(ခ)Zeno နှင့် ရဲဘော် ကျော်မင်းထွန်း(ခ)ရန်ကြီးတို့ဖြစ်သည်။ လက်ရှိ ဆင်နွှဲနေသော ကရင်ပြည်၊ ဖာပွန်မြို့သိမ်းစစ်ဆင်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု အာဠာဝကစစ်ကြောင်း၏ အမာခံ ထောက်ပို့တစ်ဦးက ဆိုသည်။

 

“ဖာပွန်က လောလောဆယ်လိုင်းမရဘူးလေ။ ဟိုနေ့ကမှ စစ်ကြောင်းကိစ္စပြောရင်း ရဲဘော်နှစ်ဦးကျတာသိရတာ။ ဒီစစ်ကြောင်းက ပဲခူးတိုင်းထဲ အဓိကလှုပ်ရှားတာပေါ့။ ဖာပွန်ပွဲမှာ ဝင်တိုက်ကြတော့ အဲဒီပွဲမှာ ကျတာပဲ။ ရဲဘော် နှစ်ဦးလုံး ငယ်ငယ်လေးတွေရှိကြသေးတာ” ဟု ထိုစစ်ကြောင်း၏ အမာခံထောက်ပို့ဖြစ်သူ မကြာကန်သူက CJ Platform သို့ပြောသည်။

 

၎င်းရဲဘော်နှစ်ဦးကျဆုံးမှုနှင့်ပတ်သက်၍ အာဠာဝကစစ်ကြောင်းအနေဖြင့် ရဲဘော် Zeno နှင့် ရန်ကြီးတို့နှင့် အတူဆိုထားသည့် သစ္စာအတိုင်း တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားသည်။

 

အာဠာဝက စစ်ကြောင်းကဲ့သို့ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်ဝင်ဒေါင်းစစ်ကြောင်းမှ တပ်ခွဲ (၂) တပ်စုမှူး ရဲဘော် ဘေကြီး၊ SOG တပ်ခွဲ (၂) မှ ရဲဘော် ကိုဌက်တို့သည်လည်း ဧပြီလ ၂၄ ရက်နေ့တွင် ဖာပွန်မြို့ရှိ ခမရ (၃၄၀) စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း ကျဆုံးခဲ့ရသည်။

 

ဓာတ်ပုံ – အာဠာဝကစစ်ကြောင်း