တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း က ကျေးရွာပေါင်း ၅၀ ကို အကျိုးပြုလမ်းသစ်ဖောက်လုပ်

Author မင်းထက်
Categories
Published on Apr 29, 2024

မကွေးတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၅၀ ခန့်ကို အကျိုးပြုသည့် ဆက်သွယ်ရေးလမ်းသစ် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ( ပခုက္ကူ ပအဖ ) ၏ တာ၀န်ရှိသူတစ်ဦးက CJ Platformသို့ပြောသည်။

 

ယင်းလမ်းကို ဖောက်လုပ်ချိန်သည် တစ်လခန့်ကြာမြင့်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၉၀ ခန့်ကုန်ကျခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပခုက္ကူမြို့နယ် ဘဏ္ဍာရန်ပုံငွေအခွန်ခွဲခွဲတမ်းမှ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာပေါင်း ၅၀ခန့် ကို အကျိုးပြုစေသော လမ်းဖြစ်​ကာ လမ်းအရှည် ၅ဒဿမ၅ မိုင်ရှိကြောင်းဈ ဖွင့်ပွဲကို ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

” ဇုန် ၂ ခု ကို အဓိကဖြတ်သန်းသွားလာနေတဲ့လမ်းဖြစ်တော့ ရွာပေါင်း လေးငါးဆယ်လောက် အကျိုးဖြစ်စေပါတယ်၊ ကျွန်တော်တို့ ပကဖ ခေါင်းစဥ်အောက်ကနေ အသုံးပြုခဲ့တာဖြစ်တယ်ပေါ့နော်၊ ကျွန်တော်တို့မြို့နယ်မှာဆို အခွန်ကောက်ခံနိုင်ခြင်း မရှိသေးဘူးပေါ့နော် ဒါပေမဲ့ NUG အစိုးရကနေ တခြားမြို့နယ်ကခွဲပြီးရတဲ့ ငွေကနေ ခွဲပြီးရခဲ့တာဗျ” ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ( ပခုက္ကူ ပအဖ ) ၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါလမ်းဖွင့်ပွဲကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော့ဖေ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ကိုဇင်ယော်၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲနှင့် မြို့နယ်ဘဏ္ဍာရေးတာဝန်ခံ ဒေါ်တီကျုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း ၊ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် တပ်ရင်းများမှ တပ်ခွဲမှူးများမှလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့