မတ္တရာ၊ ငါးလုံးပြွန်ဘုန်းကြီးကျောင်းတွင် ၂ နှစ်နီးပါးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်

Published on Apr 30, 2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ ငါးလုံးပြွန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂ နှစ်နီးပါး အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

ဘုန်းကြီးကျောင်းမှာ တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၇၀ ကျော်ကို  မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ်(၃) ပကဖ၊ တိုက်နယ်(၄) ပကဖ တို့မှ ဧပြီ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် လက်လုပ်( ၈၀)မမဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မတ္တရာပကဖ တာဝန်ခံ ဗိုလ်တောက်က CJ Platform သို့ပြောသည်။

 

“ကျွန်တော်တို့လက်လုပ် ၈၀ မမနဲ့ပစ်ခတ်ခဲ့တာပေါ့။ တပ်စွဲထားတာ တစ်နှစ်ကျော်၊ ၂ နှစ်နီးပါးရှိပြီ။ စစ်ကောင်စီဘက်က အထိအခိုက်ကိုတော့ တိတိကျကျ မသိရပါဘူးဗျ” ဟု ၎င်းက ပြောသည်။

 

အလားတူ ဧပြီ  ၂၄ ရက်ကလည်း ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရောက်မဆုတ်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ပျူစောထီး(ပြည်သူ့စစ်)အင်အား ၈၀ ဦးခန့်ပါ သံခွန်သင်္ဘောကို မတ္တရာမြို့နယ် ပကဖမှ လက်နက်ကြီး/ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စနိုက်ပါ တစ်ဦးသေဆုံးပြီး  နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ပကဖ – မတ္တရာမြိုန့ယ် ပကဖ