စစ်ကောင်စီ စစ်သားစုဆောင်းရေး ထိန်းချုပ်နိုင်ရန် စီမံချက်ချ လုပ်ဆောင်နေသော်လည်း အကန့်အသတ်များရှိနေဟု NUG ပြောခွင့်ရသူဆို

Author ဝက်ဝံနက်
Categories
Published on Apr 30, 2024

စစ်ကောင်စီ စစ်သားစုဆောင်းရေး ထိန်းချုပ်နိုင်ရန် စီမံချက်ချ လုပ်ကိုင်နေသော်လည်း အကန့်အသတ်များရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

 

ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင်ပြုလုပ်သည့် NUG သုံးနှစ်ပြည့်သတင်းစာရှင်းလင်းပွဲတွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အဓမ္မစစ်သားစုဆောင်းမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း စီမံချက်ချပြီး လုပ်ကိုင်နေတာရှိပါတယ်။ ဒါပေမဲ့ တစ်ခုပေါ့နော်။ ကျွန်တော်တို့နားလည်ထားရမှာက ကျွန်တော်တို့မှာလည်း Limited Resource ပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်မှာ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ရှိတဲ့၊ မလုံလောက်တဲ့၊ အကန့်အသတ်ရှိတဲ့ Resource ကို အသုံးပြုပြီးတော့ အကောင်းဆုံးအတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း သာကေတမြို့နယ် ၇ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက NUG အနေဖြင့် အကန့်အသတ်များဖြင့် လုပ်ဆောင်နေရသည့်အပေါ် နားလည်သည်ဟု CJ Platform သို့ပြောသည်။

 

“တော်လှန်ရေးအစိုးရဆိုတော့ လုပ်ရကိုင်ရ အခက်အခဲအကန့်အသတ်တွေရှိတာ နားလည်တယ်။ ဒါပေမဲ့ ဒီဘက်က ကလေးတွေမှာလည်း အဓမ္မစုဆောင်းခံနေရတာဆိုတော့ စိုးရိမ်မှုတွေရှိကြတယ်။ အစ်မ တူလေးတွေ၊ အိမ်နားက ကလေးတွေဆို ညအချိန်ဆို မိဘတွေက စိုးရိမ်ပြီး အပြင်မထွက်ခိုင်းတော့ဘူး။ ကုန်ကုန်ပြောရရင် လက်ဘက်ရည်ဆိုင်ကိုတောင် မလွှတ်တော့ဘူး” ဟု ၎င်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက မလွှဲမရှောင်သာ စစ်မှုထမ်းဥပဒေသည် စစ်ကောင်စီ နယ်မြေစိုးမိုးသည့်ဒေသများတွင်သာ အဓိကသက်ရောက်မှုရှိသည့်အတွက် ယင်းဒေသလူငယ်များအနေဖြင့် NUG နှင့် အမြဲချိတ်ဆက်မှုရှိစေရန် ကြိုးပမ်းစေလိုကြောင်း ပြောသည်။

 

“အမှန်အတိုင်းပြောရရင် စစ်အုပ်စုက ပြည်သူတွေကိုလျှော့တွက်တာ။ အထူးသဖြင့် လူငယ်တွေကို လျှော့တွက်တာပဲ။ အဲဒီတော့ စစ်တပ်ဆိုတဲ့ယန္တရားက ခွေးသွားစိတ်တွေဟာ တကယ်ကို စနစ်တကျတည်ဆောက်မှ အံဝင်ခွင်ကျဖြစ်မှာပေါ့။ နောက်ဆုံး ရှေ့တန်းထွက်ရရင်တောင်မှ ပြည်သူဘက် သေနတ်မဖောက်ဘဲနဲ့ တွန်းလှန်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်များသည် ၎င်းတို့စတင်ကြေညာခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်၍ စစ်မှုထမ်းဥပဒေ အပတ်စဉ် ၁ ကို စတင်အသက်သွင်းခဲ့ပြီး သင်္ကြန်အပြီး ဧပြီလအတွင်း အပတ်စဉ် ၂ အတွက် ရန်ကုန်၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်သားများ အဓမ္မစုဆောင်းမှုများပြုလုပ်နေကြသည်။

 

ထိုသို့စစ်သားစုဆောင်ရာတွင် စစ်ကောင်စီတပ်သားနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လာဘ်စားမှုများလည်း နိုင်ငံတဝန်းဖြစ်ပေါ်လျက်ရှိသည်။

 

လတ်တလော ပဲခူးအရှေ့ခြမ်းက ဖြူးမြို့အပါအဝင် အနောက်ခြမ်းက အုတ်ဖိုနှင့် အောက်မင်းလှမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့၊ မကွေးတိုင်းအတွင်းက မြို့နယ်အချို့၊ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် လူငယ်လူရွယ်များကို ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းမှုများပြုလုပ်နေသည်ဟု သိရသည်။

 

ထိုသို့အဓမ္မစစ်သားစုဆောင်းသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများဘက်က သတိပေးမှုများပြုလုပ်ခဲ့ပြီးနောက် ပစ်ခတ်နှိမ်နင်းခြင်းများ ပြုလုပ်နေခြင်းကြောင့် သေဆုံးမှုများလည်း ရှိနေသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်