မန္တလေး နွေ ရက်များ..

Author အညာသား
Categories
Published on Apr 29, 2024

ကျွန်တော် ကျွန်တော်နဲ့ပြောတဲ့ ကျွန်တော်တို့မြို့။ မြန်မာပြည်အထက်ပိုင်း အညာဒေသတွေရဲ့ အချုပ်မြို့။ စျေးချိုတော်နဲ့ နာရီစင်ကြီးရှိတဲ့မြို့။ မဟာမုနိဘုရားကြီးရှိတဲ့မြို့။ ကျုံးရေပြင်မှာ မန်းတောင်ရိပ် ထင်ဟပ်နေတဲ့မြို့။ အနောက်ဘက်မှာ ဧရာ၀တီမြစ်အနားသတ်ပြီး စစ်ကိုင်း-မင်းဝံတောင်ရိုးကာရံထားတဲ့မြို့။ အရှေ့ဘက်ကိုလှမ်းမျှော်ကြည့်ရင် မှိုင်းပြာပြာ ရှမ်းရိုးမတောင်တန်းကြီးကို မြင်နေရတဲ့မြို့။ အရှေ့မြောက်အစွန်းဆုံးက မန်လေးတောင်ခြေလမ်းအတိုင်းပတ်ပြီး မြို့ပြင်ကိုထွက်သွားရတဲ့မြို့။ တောင်ဘက်အရပ်မှာ ဒုဌ၀တီမြစ်ရှိတဲ့မြို့။ အဲ့ဒီမြို့ဟာ ကျွန်တော်တို့ မန္တလေးမြို့…

 

မန္တလေးဆိုတာနဲ့ တစ်ခြားအရပ်ဒေသက လူတွေအများစုက အရင်ဆုံးမှတ်ချက်ပြုပြောကြတာက ပူတယ် ခြင်ကိုက်တယ်တဲ့။ အမှန်ပါပဲဗျာ ဥတုရာသီသုံးမျိုးရှိတဲ့အနက် မန္တလေးဟာ နွေရာသီ ပူပြင်းခြောက်သွေ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းရတာ ပိုများပါတယ်။ ဒီနောက်ပိုင်း မိုးတွင်းမှာလည်း မိုးကောင်းကောင်းမရွာနိုင်။ ဆောင်းတွင်းမှာလည်း ရက်နှစ်ဆယ်လောက်သာ အအေးဒဏ်ကို သိသိသာသာခံစားရ။ အချုပ်တန်းဆရာဖေရဲ့ “ဆောင်းရတု”ကဗျာက သမိုင်းမှာကျန်ခဲ့ပြီ။ “ဝါဆိုဝါခေါင်မှာ ရေတွေကြီးလို့ သပြေသီးမှည့်တွေ”လည်း မကောက်နိုင်တော့ပြီ။

 

မန္တလေးမှာ ဟိုးအရင်ကထက် လူဦးရေထူထပ်၊ အဆောက်အဦတွေ ပိတ်ညှပ်၊ ကွန်ကရစ်လမ်းမကြီးတွေနဲ့ ကားဆိုင်ကယ်ယာဉ်အစီးရေကလည်း ဆပွားတိုးတက်။ ရုပ်ပိုင်းဆိုင်ရာ မြို့ပြဖွံဖြိုးတိုးတက်မှုတွေ နောက်လိုက်ရင်း ပြေးရင်းနဲ့ ဖိနပ်တွေလည်းပါး။  လမ်းတွေအဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်လာတဲ့အတွက် ဟိုအရင်ကတည်းက မန္တလေးမြို့မှာတည်ရှိနေခဲ့တဲ့ သက်တမ်းရင့်သစ်ပင်ကြီးတွေ လျော့နည်းပျောက်ကွယ်။ ကားဆိုင်ကယ်ယာဉ်ပေါင်းများစွာကထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပူငွေ့တွေက မြို့ထဲမြို့ပြင်ရပ်ကွက်လမ်းတွေထက်မှာ တံလျှပ်ထ။ ချဲ့ထွင်ဆောက်လုပ်လာတဲ့ စီမံကိန်းပေါင်းများစွာရဲ့ မြေဖို့ရှင်းလင်းအကောင်ထည်ဖော် ဆောင်ရွက်မှုတွေကြောင့် ချောင်း၊မြောင်း၊အင်းအိုင်နဲ့ စိမ်းစိုလွင်ပြင်တွေ ခမ်းခြောက်မှေးမှိန် အရောင်ပြယ်စ ပြုလာခဲ့ပေါ့။

 

အဲ့ဒီလို မိမိပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုဖြစ်တည်မှုအခြေအနေတွေကို အမှုမဲ့အမှတ်မဲ့ သတိလက်လွတ်နေလာခဲ့ကြရင်း မန္တလေးသူ၊မန္တလေးသားတွေဟာ တစ်နှစ်ထက်တစ်နှစ် အပူဒဏ်ကို သိသိသာသာ ခံစားလာခဲ့ကြရ။ ဒီလိုအခြေအနေတွေကို ကြိုတင်တွက်ဆ ရှေ့ရှုမိခဲ့တဲ့အတွက် ၂၀၀၉ခုနဲ့ ၂၀၁၀ခုလောက်မှာ မန္တလေးမြို့ခံ စာရေးဆရာတွေ၊ကဗျာဆရာတွေ၊ ဂီတအနုပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သဘာ၀ပတ်ဝန်းကျင်ကို စိတ်ဝင်စားတဲ့ နယ်ပယ်ကဏ္ဍအသီးသီးကလူတွေ စုပေါင်းပြီး အရိပ်ရဖို့နဲ့ အပူဒဏ်လျော့ချနိုင်ဖို့အတွက် မြို့ထဲမြို့ပြင် အနီးဝန်းကျင်ဒေသတွေအထိပါ သစ်ပင်စိုက်ပျိုးမှုတွေ လုပ်ဆောင်ခဲ့ဖူးကြပါတယ်။ လူထုအသိပညာပေးဖို့အတွက်ကိုလည်း သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စာပေဟောပြောပွဲတွေ၊ သင်တန်းပေးတာတွေလည်း ဆောက်ရွက်ခဲ့ကြတယ်။ အခုလည်း သဘာ၀ပတ်ဝန်းကျင်ကို စိတ်ဝင်စားပြီး လုပ်ဆောင်နေတဲ့ အဖွဲ့စည်းလူပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

 

အဲ့ဒါကြောင့် ကျွန်တော်တို့ မန္တလေးသူ၊မန္တလေးသားတွေ အနေနဲ့ အသိနဲ့သတိကပ်ပြီး ကိုယ့်ဝန်းကျင်မှာ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေပြောင်းလဲသွားပြီလဲ၊ ဘယ်အရာတွေ ပျက်စီးသွားပြီလဲ၊ ဘယ်လို ကုစားကာကွယ်ကြမလဲဆိုတာ စဉ်းစားဖို့အချိန် ရောက်ပါပြီ။ အခုလို မနေနိုင်အောင်ပူတော့မှ သစ်ပင်စိုက်ဖို့ သတိရတာဟာ မိုးလွန်မှ ထွန်ချချင်သလို ဖြစ်နေပါလိမ့်မယ်။ နွေရာသီရောက်တိုင်း အပူဒဏ်ကို ကျောကော့နေအောင်ခံစားရတဲ့ ဒုက္ခတွေ၊ အိမ်ထဲလည်းနေလို့မရ အိမ်ပြင်ထွက်ပြန်တော့လည်း ခိုနားစရာအေးမြတဲ့အရိပ်မရှိ ပြေးစရာမြေမရှိတော့တဲ့ ဘ၀ဆိုးကြီးကို ကျွန်တော်တို့ သားသမီး ၊မြေးမြစ် မျိုးဆက်တွေဆီ အမွေပေးခဲ့ကြမှာလား။

 

အတိတ်ကသမိုင်းကို ပြန်ကြည့် သင်ခန်းစာယူလို့ လက်ရှိပစ္စုပန်မှာ လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီး စိမ်းစိုအေးချမ်းအရိပ်ခိုစရာကောင်းတဲ့ အနာဂတ်မန္တလေးမြို့ကြီးကို ကျွန်တော်တို့ မျိုးဆက်တွေအတွက် ချန်ထားခဲ့နိုင်ဖို့က လက်ရှိမျိုးဆက်တွေရဲ့ တာဝန်ပါ။

 

ဟိုအရင်တုန်းက မန္တလေးတောင်ဟာ စိမ်းစိမ်းစိုစို၊ ရန်ကင်းတောင်က မှိုင်းညို့ညို့၊ ရေတံခွန်တောင်နဲ့ အောင်ပင်လယ်ကန်ဘောင် လယ်ကွင်းဘေးက ချောင်းစပ်တွေမှာ အပူရှောင်၊ တောင်သမန်အင်းစောင်းမှာ မယ်ဇယ်ရိပ်ခိုပြီး အင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေကို တစ်၀ကြီးရှုလို့ရတယ်။

 

မန္တလေးဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတာလည်း မပြောနဲ့ အရင်က ရပ်ကွက်တွေတိုင်းမှာ သက်တမ်းရင့် သစ်ပင်ကြီးတွေရှိတယ်။ အခုဆိုရင် အိမ်ခြေတွေစိပ် အဆောက်အအုံတွေ တိုးချဲဆောက်ကြရင်း သစ်ပင်တွေခုတ် လူနေဖို့အတွက် အဓိကအားထုတ်လာကြတယ်။ အရင်တုန်းက အခုလိုနွေရာသီ အရမ်းပူတဲ့အချိန်မှာဆိုရင် သစ်ပင်ရိပ်ကောင်းတဲ့လမ်းတွေရွေးပြီး သွားလာခဲ့ကြတယ်။ စစ်ကိုင်း-မန္တလေးလမ်းဟောင်း ဘုရားကြီးအနောက်ဘက်မုတ်အဆင်းလမ်း၊ တမ္ပ၀တီ၊ ကပ်ကျော်၊ အမရပူရလမ်းတစ်လျှောက်မှာ သက်တမ်းရင့်သစ်ပင်ကြီးတွေ တစ်ဖက်တစ်ချက် လျှက်ဖြာအုပ်မိုးလို့ လမ်းသွားလမ်းလာတွေအတွက် အရိပ်ရပြီး အပူဒဏ်သက်သာစေခဲ့တယ်။

 

အမရပူရကလူတွေ မြို့ထဲကိုလာမယ်ဆိုရင်ဆိုရင်လည်း အဲဒီ စစ်ကိုင်းလမ်းဟောင်းအတိုင်း လာကြတယ်။ မြို့ထဲကနေပြန်မယ်ဆိုရင်လည်း အဲ့လမ်းအတိုင်းပြန်ကြတယ်။ အခုအဲဒီလမ်းတစ်လျှောက် အရင်ကလောက် သစ်ပင်ကြီးတွေသိပ်မရှိတော့ဘူး။ ပူသွားပြီ။ အရိပ်ကျဲသွားပြီ။

 

မန္တလေးကို မြင်အောင်ကြည့်ပါ။ မန္တလေးတောင်ကိုကြည့်၊ ကုသိုလ်တော်ကိုကြည့်၊ အောင်ပင်လယ်ကန်ဘောင်ရိုးကိုကြည့်၊ တတ်သိမ်းအင်းကိုကြည့်၊ တောင်သမန်အင်းစောင်းကိုကြည့်၊ ရေနီမြောင်းကိုကြည့် အရင်လိုဟုတ်သေးလားလို့။ ဘာတွေကွာခြားပြောင်းလဲသွားပြီလဲ။ ကျွန်တော်တို့ ငယ်တုန်းကဆိုရင် မန္တလေးတောင်ပေါ်မှာ ရွှေရင်အေးထဲမှာ ထည့်သောက်ကြတဲ့ ဆေးကုလားမလို အပင်မျိုးတွေတောင် ပေါက်ရောက်တည်ရှိခဲ့တာ။ ဘယ်လောက် သဘာ၀ဝန်းကျင်ကောင်းခဲ့လဲ စဉ်းစားကြည့်ပါ။

 

အခု မန္တလေးတောင် စိမ်းလန်းသာယာစိုပြေရေးကို မနည်းလုပ်နေကြရတယ်။ တောင်ခြေက ကုသိုလ်တော်ကို ကြည့်ပြန်တော့လည်း ခြောက်ခြောက်သွေ့သွေ့ ခရေပင်ကြီးတွေ ကျိုးတို့ကျဲတဲ၊ အောင်ပင်လယ်ကန်ဘောင်ရိုးကနေ ရေတံခွန်တောင်၊ ရန်ကင်းတောင်သွားကြည့်ပြန်တော့လည်း အရင်လယ်ကွင်းစိမ်းစိမ်းတွေပေါ်၊ ကြာဖြူ၊ကြာနီ ကြာမျိုးစုံပေါက်နေတဲ့ ကန်ရေပြင်တွေပေါ် ဧကအကျယ်ကြီးတွေမြေဖို့ စီးပွားရေးသမားတွေ အပြိုင်အဆိုင် ဆောက်လုပ်ထားတဲ့ စျေးဆိုင်တန်းတွေက မမြင်ချင်မှအဆုံး။ တတ်သိမ်းအင်း(မန္တလေးကန်တော်ကြီး)ကလည်း စီးပွားဖြစ် ငါးမွေးမြူရေးကန်ဖြစ် လေအဝှေ့မှာ ငါးညှီနံတစ်သင်းသင်း။ တောင်သမန်အင်းစောင်းကို သွားပြန်တော့လည်း စက်မှုဇုန်က စွန့်ပစ်ရေးဆိုးအနံက အင်းရေပြင်ထဲမှာ ချဉ်စုပ်စုပ်ပုတ်အဲ့အဲ့။ တောင်သမန်သစ္စာစီမံကိန်းက အင်းရဲ့ရေဝင်ရေလဲ ဧရိယာအမြောက်အများကို မြေဖို့ပြီး အဆောက်အဦးတွေစီမံကိန်းဆောင်ရွက်နေတာကလည်း ထုနဲ့ထည်နဲ့။ ဦးပိန်တံတားဆိုတာ သမိုင်းတန်ဖိုးမဲ့လို့ စီမံကိန်းရဲ့ ခြေဆေးတံတားဖြစ်၊ အင်းအတွင်း အင်းအပြင်စျေးဆိုင်တွေရဲ့ စျေးခေါ်တံတားဖြစ်နေပြီ။ မယ်ဇယ်ရနံ့တွေပျောက်လို့ တောင်သမန်ရွှေအင်းက လေညှင်းမစော်နိုင်တော့ပါဘူး။ သုံးဖန်လှတောင်သမန်က စီးပွားရှာသူတွေရဲ့လက်ထဲမှာ ခြေတော်တင်ခံနေရတာကြာပေါ့။ မန္တလေးတက္ကသိုလ်ရေနီမြောင်းဆိုတာ ကဗျာတွေစာတွေထဲမှာ ကျန်ခဲ့ပြီ။

 

မန္တလေးက အခုမှထပြီး ရုတ်တရက်ပူလာတာမဟုတ်ပါဘူး။ မှတ်မိသလောက် ပြီးခဲ့တဲ့ ၂၀၁၀ခု အခုလိုနွေရာသီမှာ နေ့အပူချိန် ၄၀ဒီဂရီလောက်ကနေ လေးရက်လောက်အတွင်း ၄၄-၄၅ဒီဂရီလောက်ထိ တဖြေးဖြေးမြင့်တက်လာခဲ့တဲ့ (Heat Stoke) ဖြစ်စဉ်ကို ကျွန်တော်တို့ မန္တလေးသူ၊မန္တလေးသားတွေ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရဖူးပါပြီ။ အဲ့တုန်းကဆိုရင် ဆေးဆိုင်တွေမှာ ဓာတ်ဆားထုတ်တွေ ရောင်းစရာမရှိအောင် ပြတ်လပ်သတဲ့အထိ ဖြစ်ခဲ့တယ်။ မန္တလေးဆေးရုံကြီး (OPT) မှာ ရေခဲတုံးတွေ အရန်သင့်ချထားပြီး ကားနဲ့ရောက်လာတဲ့ Heat Stokeလူနာတွေကို ရေခဲအုံပြီး အရေးပေါ်ကုခဲ့ရတာ။ လမ်းပေါ်သွားလာရင်း လှဲကျသေဆုံး၊ တံခွန်တိုင်သုသာန်နဲ့ ကြာနီကန်သုသာန်တို့မှာ Heat Stokeနဲ့ သေဆုံးသူတွေကို တစ်ဦးချင်း မီးသင်္ဂြိုဟ်မပေးနိုင်တော့လို့ စုပေါင်းပုံထပ်ပြီးမှ တစ်ပြိုင်တည်း မီးသင်္ဂြိုဟ်ပေးခဲ့ရတဲ့အခြေနေတွေကို ခုထိမျက်စိထဲက မထွက်သေးဘူး။

 

အဲဒီ Heat Stokeဖြစ်စဉ်ဟာ မန္တလေးမြို့ရဲ့ နွေရာသီအပူအန္တရာယ်အတွက် အချက်ပေးခေါင်းလောင်းသံဆိုတာ မြို့သူမြို့သားတွေ မေ့လျော့နေခဲ့လေသလား။ ဘာဖြစ်လို့ သင်ခန်းစာမယူနိုင်ခဲ့ကြရတာလဲ။ တကယ်လို့သာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က Heat Stokeဖြစ်စဉ်ကို သတိထားဆင်ခြင်ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ အဲ့ချိန်ကတည်းက တစ်အိမ်တစ်ပင်နှုန်းနဲ့ အရိပ်ရသစ်ပင်တွေ ကုစားစိုက်ပျိုးဖြစ်ခဲ့ကြမယ်ဆိုရင် ဒီကနေ့ ကျွန်တော်တို့ မြို့သူမြို့သားတွေ ပူတယ်လို့ ညဉ်းတွားသံတွေဟာ အနည်းငယ်တိုးလျော့နေလောက်ပြီ။ ကိုယ်စိုက်တဲ့အရိပ်မှာ နားခိုပြီး အပူဒဏ်ကို အံတုနေနိုင်လောက်ပြီ။

 

“ မိုး၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သောသူ ”အဲ့ဒီလို ရန်သူမျိုးငါးပါးနဲ့ ကြုံတွေနေရတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ မိုးဒဏ်လေဒဏ် သဘာ၀ဘေးအန္တရာယ် ကျရောက်ခဲ့ရင်လည်း ကျွန်တော်တို့ပဲခံကြရမှာပါ။ မီးဘေးသင့်လည်း ကျွန်တော်တို့ ကိုယ်ဘာသာခံကြရမယ်။ ခိုးဆိုးလုနှိုက်တွေပေါလို့ ထိခိုက်နစ်နာဆုံးရှုံးစရာရှိတော့လည်း ကျွန်တော်တို့ပဲ ခါးစည်းခံကြရပြီး ဘယ်သူမှ ကာကွယ်မှု မပေးနိုင်ပါဘူး။ ပြည်သူတွေ မချစ်မနှစ်သက်တဲ့သူတွေက တိုင်းပြည်ကို အတင်းအဓမ္မတက် အုပ်ချုပ်နေသူတွေရဲ့ ဖိနှိပ်မှု၊ရက်စက်မှုဒဏ်ခံနေရတာလည်း ကျွန်တော်တို့ပဲ။ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာပါ။ အဲ့ဒီတော့ ကိုယ့်အရိပ်ကိုယ်မိုး၊ ကိုယ့်ဘေးကိုရှောင်၊ ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်ပြီး အသိ၊သတိနဲ့ နေကြဖို့ပါပဲ။

 

ဒီတစ်နွေပူတာကို ပြင်ဦးလွင်တက်ပြီး အပူရှောင်နေမယ့်အစား ကိုယ့်အိမ်ကိုယ့်မြေကိုယ့်ခြံစည်းရိုးလေးမှာ တစ်အိမ်တစ်ပင်နှုန်းနဲ့ အရိပ်ရသစ်ပင်လေးတစ်ပင် စိုက်နိုင်ခဲ့ကြမယ်ဆိုရင်ဖြင့်…။

 

“ နေ့ရောညပါ အခါခပ်သိမ်း ကောင်းကျိုးခံစားလိုပါက သစ်ပင်စိုက်ပါ ”

(မြတ်ဗုဒ္ဓ)