ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယူကေနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မယ်လို့ ဆို
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဖိအားပေးတောင်းဆိုမှုတွေ လုပ်ဆောင်ဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးက ဦးဆောင်နေတယ်လို့ ဗြိတိန်သတင်းဌာန The Independent က ဖော်ပြထားပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ကလည်း တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ထားပြီး သူမရဲ့ကျန်းမာရေးအခြေအနေကိုလည်း စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။
“မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးမှုတွေအပါအဝင် ကမ္ဘာက အာရုံစိုက်နိုင်ဖို့ ယူကေအစိုးရအနေနဲ့ အမြဲကြိုးစားဆောင်ရွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့ကိုလည်း ယူကေအစိုးရက ဆက်လက်တောင်းဆိုနေပါတယ်”လို့ FCDO ပြောရေးဆိုခွင့်ရှိသူကလည်း The Independent ကို ပြောကြားထားပါတယ်။
ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးကလည်း ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေကိုလည်း စိုးရိမ်မိတယ်လို့ ပြောကြားထားပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးမှာ သူ့အနေနဲ့ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။
နေပြည်တော်အကျဉ်းထောင်အတွင်း မတရားထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူမရဲ့သားဖြစ်သူ ကင်မ်အဲရစ်ကလည်း စိုးရိမ်မှုတွေရှိနေပြီး သူ့ရဲ့မိခင်ဟာ ထောင်တွင်း သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
“ဘယ်သူမှ အမေ့ကို မတွေ့ရတာ ၂ နှစ်ကျော်သွားပြီ။ အမေ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘာမှမသိရဘူး။ အမေ့ကို သူ့ရဲ့ရှေ့နေအဖွဲ့တွေနဲ့လည်း စစ်အုပ်စုက တွေ့ခွင့်မပြုထားဘူး။ ကျွန်တော် သိထားရသလောက်တော့ အမေ သေဆုံးသွားပြီလို့ နားလည်ရပါတယ်” လို့ ကင်မ်က အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်ကြောင်း နိုင်ငံတကာကလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုလာချိန် စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း သက်သေအထောက်အထား တစုံတရာမပြဘဲ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ထောင်နဲ့ချီကို စစ်အုပ်စုက မတရားဖမ်းဆီးထားပြီးမှ ရွေးကောက်ပွဲကျင်းပနေမှုအပေါ် ဒါဟာ အနှစ်သာရမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးမူဝါဒ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့သူ ရှောင်တာနယ်လ်ကလည်း ရှုတ်ချပြောဆိုထားပါတယ်။
ဓာတ်ပုံ – The Independent
