စစ်ကိုင်းမှာ ငလျင်သင့် ဒေသခံတချို့အတွက် အရေးပေါ်ကူညီမှုကနေ ချန်လှပ်ခံနေရ

Author CJ Platform
Categories
Published on May 30, 2025

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်အပြီး နှစ်လကျော်လာသည်အထိ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တချို့ရှိ ငလျင်ဘေးသင့် ပြည်သူတချို့ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကူညီထောက်ပံ့မှုတွေ မပေးတာကြောင့် ငလျင်ဘေးသင့် ပြည်သူတချို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကိုင်းမြို့က ငလျင်သင့် ပြည်သူတွေဟာ ယာယီတဲတွေနဲ့ နေထိုင်နေကြရသေးသလို ငလျင်ကူပစ္စည်းတွေနဲ့ စားသောက်ရေးကအစ အလှူရှင်တွေကို အားကိုးနေရဆဲ ဖြစ်ပေမယ့် အလှူရှင်တွေ လာရောက် လှူဒါန်းပေးခဲ့တဲ့ ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက အိမ်ငှားနေထိုင်သူတွေကို ချန်လှပ်ပြီး ထောက်ပံ့ပေးတာကြောင့် အခက်အခဲ ဖြစ်နေတာလို့ စုံစမ်းသိရှိရပါတယ်။

 

“စစဖြစ်ချင်းတော့ ကားတွေနဲ့လမ်းထဲတွေမှာ အလှူရှင်တွေ ဝေတာတော့ရတယ်။ နောက်ပိုင်း ရပ်ကွက်လူကြီးတွေက အိမ်ထောင်စုစာရင်းတွေ ကောက်ပြီး လှူတဲ့သူရှိရင် အဲဒီစာရင်းအတိုင်း ခေါ်ပေးတာ။ အစ်မတို့ကြ အိမ်ငှားနေတဲ့သူတွေမို့ စာရင်းလည်း တင်မရသလို ဘာတစ်ခုမှ ပေးတာတွေ မရှိဘူး။ သူတို့နဲ့ နီးစပ်တာတွေတော့ ရတာပေါ့” လို့ အသက် ၃၀ ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းမြို့ ဒေသခံမဟုတ်တဲ့ အိမ်ငှားနေထိုင်သူတချို့မှာလည်း ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုတွေရှိခဲ့ပေမဲ့ မည်သည့် ထောက်ပံ့မှုမျိုးကိုမှ မရရှိတဲ့အပြင် ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေကို ယာယီအဆင်ပြေစေဖို့ ကိုယ်တိုင် ပြင်ဆင်နေရတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာ ပျက်စီးသွားတဲ့ နေအိမ်တွေအနီး တဲထိုးနေထိုင်နေကြရပြီး ပျက်စီးသွားရတဲ့ အဆောက်အဦကို ပြင်ဆင်နိုင်ဖို့ စာရင်းပေးထားရပေမဲ့ ရရှိတာမျိုး မရှိသလို ထောက်ပံ့ပေးမယ့် စာရင်းလည်း မလာကောက်တဲ့အပြင် စာရင်းပေးလို့လည်း မရတာကြောင့် အကူအညီ ဘာမှ မရရှိဘူးလို့ ငလျင်ဒဏ်သင့် ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“ငလျင်ဖြစ်တော့ ငှားထားတဲ့တိုက်ရဲ့ အနောက်ပိုင်းမှာ နံရံတွေ ပြိုတာ၊ အက်တာ၊ ပျက်စီးတာရှိတယ်။ အုပ်ချုပ်ရေးမှုးက အထက်တင်ဖို့ ပြင်ဖို့ ပုံတွေ လာရိုက်တယ်။ တင်တယ်သာ ပြောတာ ခုထိ ဘာမှ ကျမလာသေးသလို သူတို့ မလာသေးတော့ နည်းနည်းရှင်းရုံပဲ လုပ်ထားတာ နေလဲ မနေရဲကြဘူး။ ခုက အပြင်က တဲထဲမှာပဲ နေနေရတယ်” လို့ ဒီအကြောင်း သိရှိသူ အသက် ၃၅ နှစ်ခန့်ရှိ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ငှားရမ်းနေထိုင်သူတွေဟာ ရပ်ကွက်က ငှားထားတဲ့ ဌာနဆိုင်ရာရုံး အဆောက်အဦဝန်းအတွင်းမှာ နေထိုင်သူတွေ ဖြစ်ပြီး ဘာအခွင့်အရေးမှ မရရှိဘူးလို့ သိရပါတယ်။

 

လက်ရှိ စစ်ကိုင်းမြို့မှာ ကူညီထောက်ပံ့ရေးအတွက် လှူဒါန်းသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံးကို ဦးစွာ အကြောင်းကြားရပြီးမှ အုပ်ချုပ်ရေးအဖွဲ့ကတဆင့် လှူဒါန်းရတာ ဖြစ်တာကြောင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ပေးမှ ရပ်ကွက်နေ ဒေသခံတွေက ပြန်လည်ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေဟာ ငလျင်ဘေး အလှူပစ္စည်းတွေကို ဒေသခံတွေကို မပေးဘဲ ဖြတ်ယူတာ၊ သိမ်းဆည်းထားတာတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

 

စစ်ကောင်စီခေါင်းဆောင်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်အောင် ရေတိုရေရှည် အစီအမံတွေနဲ့ လုပ်ဆောင်နေတယ်လို ဆိုထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မှု မရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အလှူငွေပေးအပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

 

အဲဒီလို ဆောင်ရွက်ရာမှာ စစ်ကောင်စီအနေနဲ့ အကန့်အသတ်တွေ ရှိနေတာကြောင့် ဝိုင်းဝန်းပူးပေါင်းပေးဖို့ကိုလည်း နိုင်ငံတကာ အလှူငွေတွေ လက်ခံရရှိပြီးချိန် နိုင်ငံတဝန်း ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။

 

စစ်ကောင်စီခေါင်းဆောင်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အင်အား ရစ်ခ်တာစကေး ၈ အဆင့်ထိ ငလျင်ဒဏ်ခံ အဆောက်အဦ၊ လမ်းတံတားတွေ ဖြစ်အောင် တည်ဆောက်သွားဖို့ကိုလည်း ပြောကြားခဲ့ပြီး Green City, Clean City, Smart City ဖြစ်အောင် တည်ဆောက်ဖို့ကိုလည်း ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါသေးတယ်။

 

အင်အားပြင်း ငလျင်ဒဏ်ကို ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းမြို့ ပြည်သူတွေဟာ လုံခြုံစိတ်ချရတဲ့ အမိုးအကာတွေအောက်ကို ရောက်ရှိဖို့ လိုအပ်နေကြဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကိုယ်ထူကိုယ်ထသာ ရုန်းကန်နေကြရတယ်လို့ စစ်ကိုင်းမြို့ ဒေသခံတွေဆီက သိရပါတယ်။

Related News

Depend on news