ထိုင်း-မြန်မာနယ်စပ်က စစ်စခန်းတွေ ဆုံးရှုံးလာရပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အပစ်အခတ်ရပ်ထားပေးဖို့ စစ်ခေါင်းဆောင် တောင်းပန်

Author CJ Platform
Categories
Published on May 30, 2025

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းမြေငလျင်အပြီး အပစ်အခတ်ရပ်စဲရေးကာလအဖြစ် မေလကုန်အထိ ကြေညာထားပေမယ့် တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေတာကြားက ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အပစ်အခတ်ရပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းပန်လိုက်ပါတယ်။

 

ယမန်နေ့ မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ ငလျင်ဘေးအလှူငွေပေးအပ်ပွဲအခမ်းအနားမှာ “နိုင်ငံတော်နဲ့ ပြည်သူတို့အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သက်ဆိုင်သူများအနေနဲ့လည်း ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုတယ်” လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

 

သို့သော် စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကြေညာပြီးနောက်မှာပင် အရပ်သားများရှိရာနေရာများကို စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေပြီး မေလ ၂၅ ရက်နေ့မှာပင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သတိုးသမီးနဲ့ ကလေးငယ် ၂ ဦးအပါအဝင် လူ ၁၀ ယောက်ကျော် သေဆုံးခဲ့ပါတယ်။

 

ထို့အပြင် မေလ ၁၂ ရက်နေ့မှာလည်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာက ကျောင်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့တာအပါအဝင် ဆရာ၊ ဆရာမများလည်း သေဆုံးခဲ့ကြပါတယ်။

 

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတော့ KNLA မဟာမိတ်တပ်ဖွဲ့တွေထံ စစ်စခန်းအတော်များများ လက်လွှတ်ဆုံးရှုံးနေရပါတယ်။

 

ထိုင်းနယ်စပ်အနီးရှိ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊ တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ ဘလက်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်စခန်းတွေအပါအဝင် ဝေါလေဗျူဟာကုန်းအနီးက ဘုရင်နောင်စခန်းကုန်းတွေကို KNLA မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

 

“စစ်ခေါင်းဆောင်က သူ့အရေးကြီးတဲ့ စခန်းတွေ အသိမ်းခံလိုက်ရမှ အပစ်ရပ်စဲရေး ပြောလာတာ။ တစချိန်လုံး အပစ်ရပ်တယ်ပြောပြီး သူပဲ တစ်နိုင်ငံလုံးပစ်ခတ်နေတာ၊ ဘာကတိတည်မှုမှ မရှိဘူး။ သူအနိုင်ကျင့်လို့ရတဲ့ နေရာတွေကို အခုထိ ထိုးစစ်ဆင်တုန်းပဲ၊ သူ့စခန်းတွေ ဆုံးရှုံးမှုများလာမှ လေပြေထိုးတာ” လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာတော့ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC