ဗိုလ်မြတ်ထွန်းတံတားရှိ စစ်ကောင်စီဂိတ်က ခရီးသည်ဖုန်းတွေပါ သိမ်းပြီး ငွေတောင်းနေ

Author CJ Platform
Categories
Published on May 30, 2025

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာရှိတဲ့ ဗိုလ်မြတ်ထွန်းတံတား ရန်ကုန်ဘက်ခြမ်းရှိ စစ်ကောင်စီဂိတ်စခန်းကနေ ယမန်နေ့ မေလ ၂၈ ရက်နေ့က ခရီးသည်တင်ယာဉ်တစ်စီးပေါ်ကနေ ခရီးသည်နှစ်ဦးရဲ့ ဖုန်းကို သိမ်းဆည်းပြီး ငွေတောင်းခံခဲ့တယ်လို့ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ရန်ကုန်မြောင်းမြသွားတဲ့ ခရီးသည်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်မိန်းကလေးရဲ့ ဖုန်းတစ်လုံးနဲ့ အသက် ၄၀ ခန့်ရှိတဲ့ ခရီးသည်အမျိုးသားတစ်ဦးရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ကားပေါ်တက်လာပြီး ဖုန်းတောင်းယူကာ ငွေတောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ကောင်မလေးက သီချင်းနားထောင်ပြီး အိပ်ပြီးလိုက်လာတာ။ ကားက တံတားအတက်ဂိတ်မှာ ပိုက်ဆံရပ်ပေးတာ သူတို့ထဲက တစ်ယောက်က တွေ့ပြီး ကားပေါ်တက်လာလို့ဖုန်းပေးဆိုပြီး တောင်းယူသွားတာ။ စပယ်ယာက သွားညှိပြီးမှ ပြန်တောင်းခဲ့ရတယ်လို့ ဒီအကြောင်းသိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းထားတဲ့ ဖုန်းနှစ်လုံးအတွက် တစ်လုံးကို တစ်သောင်းခွဲကျပ်နဲ့ သုံးသောင်းကျပ် တောင်းခဲ့ပေမယ့် နှစ်သောင်းကျပ်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီချင်းနားထောင်နေတုန်း အိပ်ပြီးလိုက်လာတဲ့ မိန်းကလေးက မိခင်နဲ့အတူ လိုက်လာတာဖြစ်ပြီး မိခင်ဖြစ်သူက ငွေ တစ်သောင်းခွဲကျပ် ထုတ်ပေးလိုက်တယ်။ ယာဉ်နောက်မှာ လိုက်ပါလာတဲ့ အမျိုးသားမှာတော့ ငွေ ငါးထောင်ကျပ်သာ ရှိတာကြောင့် နှစ်ဦးပေါင်း နှစ်သောင်းကျပ်နဲ့ စပယ်ယာက ညှိယူပေးလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

 

ဂိတ်ရှေ့ရောက်လို့ ကားကရပ်ပြီး ပိုက်ဆံပေးတာကို တွေ့သွားလို့ လာတောင်းသွားတာ။ ကားစပယ်ယာက မနဲညှိလိုက်ရတယ်။ ဖုန်းထဲမှာလည်း ဘာမှ မရှိပါဘူးလို့ မျက်မြင်တွေ့ရှိခဲ့သူ ယာဉ်ပေါ်လိုက်ပါခဲ့သူ တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ခရီးသွားပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ စစ်ဆေးပြီး ငွေတောင်းတာတွေလုပ်နေသလို ယာဉ်ကြီးယာဉ်ငယ်အားလုံးကိုလည်း အကြောင်းအမျိုးမျိုးပြ ငွေတောင်းခံနေတယ်လို့ ခရီးသည်တွေနဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

 

ဧရာဝတီအဝင်ဂိတ်နဲ့ ရန်ကုန်အထွက်ဂိတ်တွေမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း အဖွဲ့အပေါင်းအပါးနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို ငွေတောင်းခံကာ စီပွားရှာနေကြတယ်လို့ ဆိုပါတယ်။

 

ပုံစာ – ဗိုလ်မြတ်ထွန်းတံတား ရဲကင်းဂိတ်အား ယမန်နှစ်က တွေ့ရစဉ်(ပုံဟောင်း)