SSPP/SSA နဲ့ MNDAA တို့အကြား နှစ်ဖက် စစ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီး ဗဟိုအဆင့်တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ဆို

Author CJ Platform
Categories
Published on Apr 30, 2025

ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်တပ်မတော်(MNDJP/MNDAA)တို့အကြား နှစ်ဘက် စစ်ရေးတင်းမာနေတာနဲ့ ပတ်သက်ပြီး နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားကြမယ်လို့ SSPP/SSA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယကာလက စလို့ SSPP ထိန်းချုပ်ရာနယ်မြေအတွင်းကို MNDAA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖြတ်သန်းလာတာကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များအကြား မကျေနပ်မှုတွေနဲ့ ထိပ်တိုက်ထိတွေ့မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

အဲဒီလို အချင်းချင်းကြား မပြေလည်မှုတွေ ဖြစ်လာတာဟာ အောက်ခြေတပ်တွေအကြား ဘာသာစကားပေါက်ကြားမှုအားနည်းခြင်း ဖြတ်သန်းသွားလာခြင်းကို MNDAA ဗဟိုက တရားဝင် အကြောင်းကြားမှုအားနည်းခြင်းကြောင့် ဖြစ်တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်။

 

နှစ်ဖက်အောက်ခြေတပ်တွေမကျေနပ်မှုတွေကနေစတင်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ မလိုလားအပ်တဲ့ ထိပ်တိုက်ဖြစ်ပွါးမှုတွေ ဖြစ်ပွါးခဲ့ရာ စစ်ရေးထိတွေ့မှု(၈) နေရာ၊ နှစ်ဘက်တပ်တွေ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးမှု (၂၄)နေရာရှိခဲ့တယ်လို့ သိရပါတယ်။

 

SSPP/SSA နဲ့ MNDJP/MNDAA တို့ဟာ လက်တွဲဖော် တော်လှန်ရေးအဖွဲ့အစည်းတွေအဖြစ် နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီပြီး အေးအတူပူအမျှ အမှီသဟဲ ကူညီရိုင်းပင်းရပ်တည်လာခဲ့တဲ့ မဟာမိတ် အဖွဲ့အစည်းဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

အခုလို နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် နှစ်ဖက်ရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့်ပတ်သက်ပြီး ဗဟိုအဆင့်တွေ့ဆုံမှာကို အများပြည်သူသိဖို့ သတင်းထုတ်ပြန်တာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – SSPP/SSA