ညောင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

Author CJ Platform
Categories
Published on Apr 30, 2025

မန္တလေးတိုင်း ညောင်ဦးခရိုင် အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တဲ့အပြင် စစ်သုံ့ပန်း နှစ်ဦး ဖမ်းဆီးရမိတယ်လို့ Popa Guerilla Force(PGF)တပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းဟာ ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်ခွာလာပြီး တောပြားကျေးရွာနဲ့ တံတားကျေးရွာတို့မှာ ဝင်ရောက်တပ်စွဲထားပြီးနောက် တံတားကျေးရွာကနေ တောင်ခမောက်ကျေးရွာ ကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရပေမဲ့ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်ရဖမ်းဆီးရမိကာ ရဲတပ်ကြပ်အပါအဝင် ၅ ဦးသေဆုံးပြီး အရာခံဗိုလ်တစ်ဦးအပါအဝင် ၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်က ဆိုပါတယ်။

 

ဧပြီလ ၂၇ ရက်နေ့ တိုက်ပွဲ မှာ Popa Guerilla Force(PGF)တပ်ဖွဲ့နဲ့ 21 Baganတပ်ဖွဲ့တို့က စစ်ကောင်စီရဲ့ ပူးပေါင်းရှေ့ပြေးကင်းတပ်စိပ် နဲ့ ထိပ်တိုက်တွေ့ဆုံပြီး တစ်နာရီကျော်ကြာတိုက်ခိုက်ခဲ့ပြီး ခဲယမ်းလုံလောက်မှုမရှိတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ ပုဂံဘီလူးတပ်နဲ့ အခြားမဟာမိတ်တပ်တွေ ရောက်ရှိလာပြီး နာရီဝက်ကျော်ကြာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

 

နောက်တစ်နေ့ ဧပြီလ ၂၈ ရက်နေ့မှာတော့ တောင်ခမောက်ရွာက နေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျောက်ပန်းတောင်းမြို့နယ် ထောက်ရှာရွာကို ဆက်ပြီးထိုးစစ်ဆင် တာကြောင့် Popa Guerilla Force(PGF)တပ်ဖွဲ့နဲ့ မဟာမိတ်အင်အားစုတွေ ၇ နာရီကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

စစ်ကောင်စီကလည်းလေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဆီက M.22 -၂ လက်၊ Equipment-၁ ခု၊ လက်ပစ်ဗုံး-၃ လုံး၊ စ‌ကားပြောစက်- ၄ လုံး၊ ၇ဒသမ၆၂ကျည်- ၈၀ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

 

ဒီတိုက်ပွဲကို ပုဂံပြည်ဘီလူးတပ်၊ (21)Bagan၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ ရန်ကြီးအောင် တပ်၊ မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defend Force နဲ့ Popa Guerilla Force(PGF)တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Popa Guerilla Force