စစ်မှုထမ်းဥပဒေအရ တပ်သားသစ်ဖြစ်လာတဲ့ စစ်ကောင်စီတပ်သားတွေ ရေစကြိုမှာ သုံးရက်ဆက် အလင်းဝင်ကြ

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ မတရားစစ်မှုထမ်းခေါ်ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ Southern YSO PDF ဆီကို ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကစတင်ကာ သုံးရက်ဆက်တိုက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ YSO PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေစကြိုမြို့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ တော်လှန်ရေးတပ်ဖွဲ့ ဆီကို တစ်နေ့ တစ်ယောက် အလင်းဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ စစ်မှုထမ်း ဥပဒေအရ မိတ္ထီလာ၊ တာချီလိတ်နဲ့ ပြင်ဦးလွင်မှာ အဖမ်းခံရတဲ့သူတွေပါ။ စကစ ကနေ ရုန်းထွက်လာပြီဆိုရင် တော်လှန်ရေးအတွက် အထောက်အကူဖြစ်မယ့် လက်နက်တွေ ယူဆောင်လာ စေချင်ပါတယ် “ လို့ Southern YSO PDF ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလို အလင်းဝင်ရောက်လာခဲ့ရာမှာ မိတ္ထီလာမှာ အဖမ်းခံခဲ့ရပြီး တပ်သားသစ်စုဆောင်းခံရတဲ့ ရေစကြိုမြို့ ခလရ ၂၅၇ တပ်က တပ်သား ချစ်စမ်းကိုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ MA 1 သေနတ်တစ်လက်နဲ့ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တာချီလိတ်မှာ အလုပ်လုပ်နေရင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းဆင်းခဲ့ရတဲ့ တပ်သားမြင့်စိန်ဟာ ဧပြီလ ၂၅ ရက်နေ့မှာ ၅.၅၆ ကျည် ၅၀၀ နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၆ ရက်နေ့မှာတော့ ရေစကြိုမြို ခလရ ၂၅၈ တပ်က တပ်သား စည်သူကျော် ဟာ လက်ပစ်ဗုံး ၂ လုံး၊ ၅ဒသမ၅၅ ကျည်ဘောက် ၃ဘောက်၊ ၅ဒသမ၅၆ ကျည် ၁၀၂ တောင့်တို့နဲ့အတူ အလင်းဝင်ခဲ့ပြီး သူဟာ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရကာ တောင်ကြီးမှာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းတစ်ယောက် ဖြစ်ပါတယ်။
အလင်းဝင်ရောက်လာတဲ့ ရဲဘော် ၃ ဦးကို Southern YSO PDF အနေနဲ့ လက်နက်ပါလာသူကို ဆုကြေးငွေ ၃၅သိန်းပေးအပ်ခဲ့ပြီး လက်နက်မပါပေမဲ့ ကျည်၊ကျည်ဘောက်နဲ့ လက်ပစ်ဗုံးပါလာသူ နှစ်ဦးကိုတော့ ငွေကျပ် ၁၀ သိန်းဆီပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
ဓာတ်ပုံ – Southern YSO PDF