စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းနေတာ လူကုန်ကူးမှုမြောက်တယ်လို့ NUG ဆို

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ပြဌာန်းပြီး အတင်းအကြပ် တပ်သားသစ် အဓမ္မ စုဆောင်းနေတာဟာ အဓမ္မလုပ်အား ခိုင်းစေခြင်းနဲ့ လူကုန်ကူးမှု ကျူးလွန်ရာရောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဝန်ကြီးဌာနက အစီရင်ခံစာတစ်စောင် ရေးသားထုတ်ပြန်လိုက်ပါတယ်။
အဲဒီအစီရင်ခံစာထဲ လူငယ်အများစုက နေအိမ်တွေ လုပ်ငန်းခွင်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီက စီမံချက်ချမှတ် ဖမ်းဆီးတာတွေကို ခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး ရေးသားထားးတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်သည်အင်အားလျော့နည်းလာတာ ဘက်ပြောင်းလက်နက်ချတာတွေများလာတာ ကိုအစားထိုးဖြေရှင်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗျူဟာတစ်ရပ်အနေနဲ့ ချမှတ် ကျင့်သုံးခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ လူငယ်တွေနဲ့ မိသားစုတွေကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် ခေါ်ဆောင်တဲ့ နည်းလမ်းသုံးပြီး စစ်သားစုဆောင်း နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပ်သားသစ်စုဆောင်းရာမှာ အသက်မပြည့်သေးတဲ့ ကလေး သူငယ်တွေအပြင် စစ်မှုထမ်းဖို့ မသင့်လျာ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူတွေပါ ပါဝင်နေပြီး စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ လူငယ်တွေရဲ့ အမည်စာရင်းကောက်ယူပြီး မိသားစုဝင်တွေကို ငွေညှစ်တောင်းတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အသက် (၁၈) နှစ်ကနေ (၃၅)နှစ်အတွင်းရှိ လူငယ်တွေကို စစ်ကောင်စီက စစ်ရေးဗျူဟာတရပ်အနေနဲ့ ကျင့်သုံးပြီး စစ်မှုထမ်းစေခိုင်းနေခြင်းဟာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) မြောက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ လေယာဉ်ဆီ အပါအဝင် လက်နက်များတင်ပို့ ရောင်းချမှုကို ပိတ်ပင်ခြင်း ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။
အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို လူသားချင်းစာနာတဲ့ မူဝါဒ အခြေခံပြီး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက ပြဌာန်းခဲ့ပြီးနောက် မတ်လက စတင်ပြီး တပ်သားသစ်တွေစုဆောင်းကာ စစ်သင်တန်းပေးနေရာ ဧပြီလ ၂၂ ရက်နေ့က စစ်သင်တန်း အမှတ်စဉ် ၁၂ ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က အမှတ်စဉ် ၉ ကိုသင်တန်းဆင်းခဲ့ပြီး စစ်မှုထမ်းဥပဒေအရ တပ်သားသစ်တွေကို တပ်စခန်းအသီးသီးမှာ တာဝန်ပေးအပ်ခဲ့ပြီဖြစ်ပြီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၃ အတွက် လိုက်လံစုဆောင်းနေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ရာနေရာတွေမှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာ ပြည်ပထွက်အလုပ်လုပ်ကိုင်ကြသလို စစ်မှုထမ်းကြေးအဖြစ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို လစဉ် ၂ သောင်းကျပ်ကနေ ကျပ်တစ်သိန်းနီးပါး ပေးဆောင်နေ ကြရပါတယ်။
စစ်မှုထမ်းဥပဒေအရ မလိုက်နိုင်တဲ့ လူငယ်တွေအနေနဲ့ လူစားထိုးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသအာဏာပိုင်တွေက ပူးပေါင်းစီစဉ်ပေးကြတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အဲဒီလို လူစားထိုးရာမှာ စစ်မှုထမ်းသင်တန်းအပတ်စဉ် စတင်စဉ်အချိန်က လူစားထိုးတစ်ဦးကို ကျပ်သိန်း ၅၀ ခန့်ရှိပြီး ယခုအခါ လူစားထိုးဈေးကွက်မှာ ကျပ်သိန်း တစ်ရာကျော်ရှိနေပေမဲ့ အစားထိုးလိုက်ရတဲ့ သူတွေကတော့ ကျပ် သိန်း ၄၀ ကနေ ကျပ်သိန်း ၅၀ ခန့်သာရရှိပါတယ်။
ဓာတ်ပုံ – pro-SAC