ပန်းတနော်မြို့နယ် ရုံးတောကျေးရွာမှာ စစ်မှုထမ်းကြေး လစဉ်ငါးသောင်းကောက်လို့ ဒေသခံတွေ အခက်တွေ့နေ

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ရုံးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးအတွက် စစ်မှုထမ်းအရွယ် လူငယ်တစ်ဦးကို ပြီးခဲ့တဲ့လက စတင်ကာ ငါးသောင်းကျပ်ကောက်ခံနေတဲ့အပြင် စစ်မှုထမ်းအရွယ်မရှိတဲ့ နေအိမ်တွေကိုလည်း ကောက်ခံနေတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ယခင်က စစ်မှုထမ်းအရွယ် တစ်ယောက်ကို နှစ်သောင်းခွဲကျပ် ကောက်ခံနေရာကနေ ပြီးခဲတဲ့လက စလို့ တစ်ယောက်ကို ငါးသောင်းကျပ်ကောက်ခံတာဖြစ်ပြီး စစ်မှုထမ်းအရွယ်မရှိတဲ့ နေအိမ်တွေကိုလည်း ယခင် တစ်သောင်းခွဲကနေ နှစ်သောင်းခွဲ ကောက်ခံတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ တစ်ယောက်ကို ၅ သောင်းလေ။ တစ်အိမ်ကို ၃ ယောက်ရှိရင် တစ်သိန်းခွဲ လတိုင်းပေးရမှာ။ အလုပ်အကိုင်တွေကမကောင်းတဲ့ကြားက ဒါကိုလတိုင်းပေးတာ “ လို့ ရုံးတောကျေးရွာအုပ်စုက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်မှုထမ်းအရွယ် တစ်ယောက်ကို ငါးသောင်းကျပ် မပေးနိုင်တာကြောင့်ညှိနှိုင်းခဲ့ရာ သုံးသောင်းခုနစ်ထောင်နဲ့ ညှိနှိုင်းလို့ရခဲ့တယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။
ရုံးတောကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ကိုးရွာရှိပြီး တစ်ရွာနဲ့တစ်ရွာ ကောက်ခံတာလည်း မတူညီဘူးလို့သိရကာ တချို့ကျေးရွာတွေကတော့ တစ်အိမ်ထောင် နှစ်သောင်းကျပ်သာ ကောက်ခံတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ဒါအပြင် ရုံးတော့ကျေးရွာအတွင်း လူငယ်အများစုက အဝေးကိုသွားရောက် အလုပ်လုပ်ကိုင်နေသူတွေနဲ့ ပြည်ပထွက်အလုပ်လုပ်နေသူတွေကြောင့် လူငယ် မရှိတော့သလောက်ဖြစ်နေပေမဲ့ စစ်မှုထမ်းကြေးတော့ ထည့်ရတယ်လို့လည်း သိရပါတယ်။
“ စစ်မှုထမ်းကြေးက ၂၀ ရက်နေ့ဝန်းကျင်ဆို ပေးနေရပြီ။ လူမရှိလဲ အိမ်ထောင်စုထဲပါနေတော့ လတိုင်း ထည့်ရတာပဲ။ ကျွန်တော်ကတော့ ပြည်ပရောက်နေပေမဲ့ ရွာကသူတွေ ခက်ခဲနေတာ ကြားရတော့ စိတ်မချမ်းသာဘူး “ လို့ ပြည်ပရောက် ပန်းတနော်မြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်မှုထမ်းလူငယ်တွေအတွက် လူစားထိုးဖို့ အရင်ကလို မလွယ်ကူတော့သလို စစ်မှုထမ်းလူစားထိုးဖို့ ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် လူစားထို့ဖို့ တဖြေးဖြေးခက်ခဲလာပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းက စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးဆီကနေလည်း သိရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ရာဒေသတွေမှာ စစ်မှုထမ်းဥပဒေအရ မလိုက်နိုင်တဲ့ လူငယ်တွေအနေနဲ့ လူစားထိုးဖို့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသအာဏာပိုင်တွေက ပူးပေါင်းစီစဉ်ပေးကြတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အဲဒီလို လူစားထိုးရာမှာ စစ်မှုထမ်းသင်တန်းတွေ စတင်စဉ်အချိန်က လူစားထိုးတစ်ဦးကို ကျပ်သိန်း ၅၀ ခန့်ရှိပြီး ယခုအခါ လူစားထိုးဈေးကွက်မှာ ကျပ်သိန်း တစ်ရာကျော်ရှိနေပေမဲ့ အစားထိုးလိုက်ရတဲ့ သူတွေကတော့ ကျပ် သိန်း ၄၀ ကနေ ကျပ်သိန်း ၅၀ ခန့်သာ ရရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရှုံးလာတာနဲ့အမျှ စစ်သည်အင်အား လျော့နည်းလာတာကြောင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး တပ်သားသစ် အဓမ္မစုဆောင်းနေတာဟာ အဓမ္မလုပ်အားခိုင်းစေခြင်းနဲ့ လူကုန်ကူးမှု ကျူးလွန်ရာရောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဝန်ကြီးဌာနက မနေ့က အစီရင်ခံစာတစ်စောင် ရေးသားထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၉ ကို စစ်ဌာနချုပ်အသီးသီးမှာ သင်တန်းဆင်းခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့က အမှတ်စဉ် ၁၂ ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အပြင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၃ အတွက် လိုက်လံစုဆောင်းနေပြီဖြစ်ပါတယ်။