ခင်ဖုန်းသက်ဝေလည်း ငလျင်ဘေးကို ကူညီမယ်

ခင်ဖုန်းသက်ဝေ ကဗျာတွေကို ရေးသားခဲ့တဲ့ ကဗျာဆရာ ကိုသန်းတင့်က သူရရှိခဲ့တဲ့ စာမူခ(၁၂)သိန်းကို ငလျင်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဒီကနေ့ မတ်လ ၃၀ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် မျှဝေထားပါတယ်။
“ကျနော်ရတဲ့စာမူခ (၁၂) သိန်းကို ငလျင်ဒဏ်သင့်ဒေသများကို ပို့ပေးပါမယ် ။
ပြီးတော့ အခုထွက်တဲ့ ခင်ဖုန်းသက်ဝေဂယ်လာရီရဲ့ ချည်အိတ်လေး (၃၀) ရှိပါတယ် ။ စာအုပ်ကတော့ကုန်သွားပါပြီ ။ ထုတ်ဝေသူဖြစ်တဲ့ Hazel စာအုပ်တိုက်နဲ့ကျနော်နဲ့ အဲ့ဒီ့အိတ်လေးတွေကို အမှတ်တရသိမ်းထားကြမယ်လို့ တိုင်ပင်ထားပေမဲ့ အခုလိုအခါမှာ ထုတ်ရောင်းပါတော့မယ် ။ အိတ်လေးတစ်လုံးကို ကြိုက်သလောက်သာ ပေးကြပါဗျာ ။ ငလျင်ဒဏ်သင့်နေရာများရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်းအမှတ်တရ ကျနော်လက်မှတ်ထိုးပေးပါ့မယ် ။ ရသမျှ တစ်ပေါင်းထဲ
ပို့ပေးချင်လို့ပါ”လို့ ကဗျာဆရာ ကိုသန်းတင့်က ပြောပါတယ်။
သူ့ရဲ့ လှူဒါန်းမှုကို ငရဲပြည်ကိုကျလာတဲ့ နှင်းစက်လေးလို့ သူက အမည်ပေးထားပါတယ်။
ဒါ့အပြင် သူ့ရဲ့ နာမည်ကျော် ခင်ဖုန်းသက်ဝေကဗျာတွေထဲက လူကြိုက်အများဆုံးဖြစ်တဲ့ “မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင် အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်”ဆိုတဲ့ ကဗျာစာသား ရိုက်နှိပ်ထားတဲ့ အမှတ်တရချည်အိတ်လေး အလုံး ၃၀ကိုလည်း သူနဲ့အတူတူ ငလျင်ဘေးကူညီမယ့် ကဗျာချစ်သူတွေကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ နှင်းဆီပြတ်ရွေ့ကြော ငလျင်ဟာ မြန်မာနိုင်ငံက မြို့ကြီး (၁၀)မြို့ထက်မနည်းကို ထိခိုက်စေခဲ့ပြီး လူဦးရေ ထောင်ကျော် သေဆုံးကာ ပျောက်ဆုံးသူတွေလည်း ရှိနေခဲ့ပါတယ်။