ဆီးရီးယားမှာ ရွေးကောက်ပွဲလုပ်ဖို့ လေးနှစ်ဝန်းကျင် အချိန်လိုအပ်တယ်လို့ လက်ရှိ ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Dec 30, 2024

ဆီးရီးယားနိုင်ငံကို လက်ရှိခေါင်းဆောင်နေတဲ့ အာမက်အယ်လ်ရှာရာက စစ်ဘေးဒဏ်ခံခဲ့ရတဲ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် အချိန်လေးနှစ်ဝန်းကျင် လိုအပ်တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောပါတယ်။

 

အခုလိုမျိုး ရွေးကောက်ပွဲပြုလုပ်မယ့် အချိန်နဲ့ ပတ်သက်ပြီးပြောဆိုတာဟာ အယ်လ်ရှာရာရဲ့ Hayat Tahrir al-Sham (HTS) အဖွဲ့က ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နှစ်ပေါင်းများစွာ နိုင်ငံကိုအုပ်စိုးလာတဲ့ အာဆက်ဒ်မိသားစုကို ဒီဇင်ဘာလအစပိုင်းမှာ ဖြုတ်ချလိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲဖို့က သုံးနှစ်လောက်အထိ ကြာနိုင်တယ်လို့ အယ်လ်ရှာရာက ဆော်ဒီအာရေဗျနိုင်ငံပိုင်ရုပ်သံလိုင်း Al Arabiya ကို ယမန်နေ့က ပြောပါတယ်။

 

နိုင်ငံတွင်းက မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် အရေအတွက်ကို သတ်မှတ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းအသစ်လည်း ကောက်ယူရမှာ ဖြစ်တာကြောင့် ရွေးကောက်ပွဲကို လေးနှစ်ကျော်အကြာမှာ လုပ်ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

“အဓိပ္ပာယ်ပြည့်ဝတဲ့ ‌ရွေးကောက်ပွဲတိုင်းဟာ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူထားတဲ့ လူဦးရေသန်းခေါင်စာရင်းရှိဖို့ လိုအပ်ပါတယ်”လို့ အယ်လ်ရှာရာက ပြောပါတယ်။

 

ဒါ့အပြင် ဆီးရီးယားနိုင်ငံသား‌တွေဟာ နိုင်ငံရဲ့ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေကို တစ်နှစ်ဝန်းကျင်အတွင်းမှာပဲ မြင်တွေ့ရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

 

ဆီးရီးယားနိုင်ငံမှာ စစ်ရေးအရရော နိုင်ငံရေးဩဇာအရပါ လွှမ်းမိုးမှုအကြီးဆုံးဖြစ်တဲ့ HTS အဖွဲ့ကိုလည်း အမျိုးသားဆွေးနွေးပွဲညီလာခံမှာ ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

လူမျိုးပေါင်းနေထိုင်တဲ့ ဆီးရီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဉ်တွေကို အိမ်နီးနားချင်းတွေက သံသယတွေနဲ့ သေချာစောင့်ကြည့်နေမှုတွေကို အစိုးရသစ်က ချေဖျက်ဖို့ ကြိုးပမ်းနေခိုက်မှာပဲ အယ်လ်ရှာရာရဲ့ အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

 

“ဆီးရီးယားဟာ ဘယ်သူ့ကိုမှ ငြိမ်းချမ်းရေးတွေပျက်ပြားစေဖို့ လုပ်ဆောင်မှာ မဟုတ်ပါဘူး”လို့လည်း အယ်လ်ရှာရာက အသိပေးပါတယ်။

 

ဒါ့အပြင် ဆီးရီးယားဟာ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ် ဆိုတာကိုလည်း အတည်ပြု ပြောဆိုခဲ့သလို ခေါင်းဆောင်မှုအသစ် အောက်မှာတော့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့လည်း အယ်လ်ရှာရာက ဆိုပါတယ်။

 

ဆီးရီးယားမှာ ရှိတဲ့ ရုရှားစစ်တပ်ထပ်ထားရှိဖို့ ကိစ္စကတော့ ရုရှားနဲ့ ဆီးရီးယားအစိုးရသစ်တို့ရဲ့ ညှိနှိုင်းမှုအပေါ် မူတည်တယ်လို့လည်း ပြောပါတယ်။

 

ဓာတ်ပုံ – SANA via AFP

 

ပုံစာ- လက်ဘနွန်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုရှယ်လစ်ပါတီနဲ့ ‌တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ အယ်လ်ရှာရာကို ဒီဇင်ဘာ ၂၂ ရက်နေ့ကတွေ့မြင်ရစဉ်

 

ကိုးကား- Al Jazeera