ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးလို့ AA ထုတ်ပြန်
အာရက္ခတပ်တော်(AA)ရဲ့ ဒီဇင်ဘာ တစ်လအတွင်း လေးမြို့မြောက်အဖြစ်သိမ်းလိုက်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၁၁)တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီအင်အား ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဂွမြို့ မကျစေဖို့ စစ်ကောင်စီရဲ့ တပ်မ-၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့က အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမဲ့ AA ထိုးစစ်ကို မခံနိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ သံချပ်ကာတချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း AA က ပြောပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူအမြောက်အမြားတို့နဲ့ အသည်းအသန် ခုခံကာကွယ်ခဲ့ပေမဲ့ နှစ်ပတ်ကြာမှာ လက်လွတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဂွမြို့ကိုစစ်ကူလာတဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၄)၊ (၂၁၅)၊ (၂၁၇) တပ်ရင်းတို့ကို AA က တိုက်ခိုက်ခဲ့ရတဲ့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆)၊ (၃၈)၊ (၉၃)၊ (၂၇၁) တပ်ရင်းတွေနဲ့ ခမရ (၃၀၈) တပ်ရင်းတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ပြောထားပါတယ်။
ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်တဲ့ ခမရ – ၅၆၂ နဲ့ ခမရ – ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်က ဒီဇင်ဘာလ (၁၅) ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီခန့်မှာ တစ်ရက်တည်း သိမ်းပိုက်ရရှိခဲ့ပြီးနောက် ဂွတစ်မြို့နယ်လုံးကို ထိန်းချုပ်လိုက်နိုင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့ သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချူပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပြင် သုံ့ပန်းအများအပြားကို လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
ရခိုင်မှာ စစ်ရှုံးနေတာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ခံဖို့၊ ခေါင်းဆောင်မပီသသူတွေရဲ့အောက်မှာ အသေခံဆက်မတိုက်ဖို့ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းပြောဆိုခဲ့တာကိုလည်း AA ရဲ့ နပခသိမ်း မှတ်တမ်းရုပ်သံ ဖော်ပြချက်အရ သိရပါတယ်။
AA အနေနဲ့ ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားနိုင်သလို ချင်းပြည်၊ ပလက်ဝဒေသတစ်ခုလုံးကိုလည်း ထိန်းချုပ်ထားပါတယ်။
အဲဒီနောက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အသင့်ပဲလို့ အာရက္ခတပ်တော် AA က ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်တွေရဲ့ မှတ်တမ်းဓာတ်ပုံအချို့
#CJPlatform ## # #