ကမ္ဘာတစ်ဝန်းမှာ ဒုက္ခသည် ၁၂၂ သန်းအထိ စံချိန်တင်မြင့်တက်လာ
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက် အခု ၂၀၂၄ ခုနှစ်မှာ ကျော်လွန်များပြားခဲ့ပြီး ၁၂၂ သန်းအထိ ရှိလာတယ်လို့ ဂျာမနီနိုင်ငံက ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဂျာမနီနိုင်ငံဆိုင်ရာ UNHCR ရုံးရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ပီတာရူဟန်စတော့ဘောင်ဝါက ကိန်းဂဏန်းအချက်အလက်တွေတိုင်းဟာ လုံခြုံမှုနဲ့ အနာဂတ်ကို ရှာဖွေနေတဲ့သူတစ်ဦးချင်းစီကို အလေးပေးဖော်ပြနေတဲ့ စိုးရိမ်စရာကိန်းဂဏန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီတစ်ဦးချင်းစီတိုင်းကိုလည်း အကာအကွယ်တွေနဲ့ အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့လည်း သူက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ဒုက္ခသည်ဦးရေဟာ ၁၁၇ ဒသမ ၄ သန်းရှိတယ်လို့ ဂျာမနီနိုင်ငံဆိုင်ရာ UNHCR ရုံးရဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။
အရင်နှစ်ကထက် ယခုနှစ်မှာ ဒုက္ခသည်ဦးရေ သိသိသာသာ ပိုတိုးလာတာဟာ ဆူဒန်နိုင်ငံက ပြည်တွင်းစစ်ကြောင့် လူအများအပြား အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရခြင်းကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဆူဒန်မှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာချိန်ကစလို့ လူပေါင်း ၁၁ ဒသမ ၈ သန်းကျော်ဟာ အတင်းအကျပ်ခိုင်းစေမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ အလေးပေးဖော်ပြထားပါတယ်။
ဒါ့အပြင် ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာလည်း ဒုက္ခသည်အရေအတွက် တိုးလာစေတဲ့ အကြောင်းအရင်းတွေထဲ ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။
ဂါဇာနဲ့ လက်ဘနွန်တို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း လူပေါင်း ၁ ဒသမ ၇ သန်းတို့ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဓာတ်ပုံ – Janossy Gergely/Shutterstock
ပုံစာ – ဆလိုဗေးနီးယားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေ (ပုံအဟောင်း)
ကိုးကား- Malaysia Sun