မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ဝိုရာဘုံမန်ပြိန်းကျေးရွာ စာသင်ကျောင်းနေရာမှာ တပ်စွဲရတာဖြစ်တယ်လို့ TNLA ပြောခွင့်ရဆို

Author ရှိုး
Categories
Published on Dec 30, 2024

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဝိုရာဘုံမန်ပြိန်းကျေးရွာက စာသင်ကျောင်းဝန်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ စခန်းချထားမှုနဲ့ ပတ်သက်ပြီး CJ Platform က TNLA ပြောခွင့်ရ လွေယေးဦးထံ ဆက်သွယ်မေးမြန်းရာ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ မန်ပြိန်းကျေးရွာ၊ စာသင်ကျောင်းနေရာမှာ တပ်စွဲရတာဖြစ်တယ်လို့  သူက ပြန်လည် ဖြေကြားပါတယ်။

 

လက်ရှိမှာ ကချင်ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက အခု ဒီဇင်ဘာ ၂ ရက်နေ့က စလို့  စာသင်ကျောင်းကို လာတဲ့ ကျောင်းဆရာ/မတွေနဲ့ ကျောင်းသားတွေကို မောင်းထုတ်ပြီး စာသင်ကျောင်းကို TNLA က တပ်စခန်းအဖြစ် နေရာယူထားခဲ့တာဖြစ်တယ်လို့ ရေးသား ဖော်ပြနေပါတယ်။

 

“ကွတ်ခိုင်မြိုကနယ် မန်ပြိန်းကျေးရွာမှာ ကျွန်မတို့ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက အဲဒီမှာ ကျောင်းတွေပိတ်ထားတုန်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ လာရောက်ပြီးတော့ စခန်းချနေထိုင်တယ်။ သူတို့နေထိုင်တာ ရပ်ကွက်လိုမျိုးဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့အနေနဲ့ သူတို့ကို ဖမ်းဆီးတယ်။ သူတို့နေတဲ့နေရာတွေကိုလည်း ကျွန်မတို့ ဝင်ပြီးတော့မှ ခေတ္တနေထိုင်ခြင်းဖြစ်ပါတယ်”လို့ TNLA ပြောခွင့်ရ လွေယေးဦးက CJ Platform သတင်းဌာနကို ပြောပါတယ်။

 

ဒီဇင်ဘာလ အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဝိုရာဘုံ မန်ပြိန်း စာသင်ကျောင်းဝင်းထဲ TNLA တပ်ဖွဲ့  စခန်းချတပ်စွဲနေထိုင်တာတွေ မလုပ်ဖို့ ကျောင်းသားမိဘတွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း တစ်ရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုမှုကို TNLA တပ်ဖွဲ့ဘက်က လက်မခံဘူးဆိုတဲ့ ဗီဒီယိုဖိုင်ဟာ ဒေသတွင်းသတင်းဌာနတွေနဲ့ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။

 

“အဓိကက ကျွန်မတို့ ဆောင်ရွက်တာက မူးယစ်ဆေးဝါးတိုက်ဖျက်တာလည်း ဖြစ်သလို ဒေသခံတွေ လုံခြုံရေးအတွက် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ အဲဒီလို ခေတ္တမရှိဘဲဆိုရင် ထွက်ပြေးတဲ့သူတွေ ပြန်လာပြီးတော့ မူးယစ်ဆေးဝါးတွေ ပြန်သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာ၊ ဒီစာသင်ကျောင်းမှာ ခေတ္တနေထိုင်ရခြင်းဖြစ်ပါတယ်”လို့ TNLA ပြောခွင့်ရက ဆက်ပြောပါတယ်။

 

လက်ရှိမှာတော့ ဒေသခံတွေက အဲဒီစာသင်ကျောင်းမှာ စခန်းချနေထိုင်မှုနဲ့ ပတ်သက်ပြီး TNLA တပ်ဖွဲ့ဝင်တွေမနေဖို့ တောင်းဆိုမှုတွေ ဆက်ရှိနေသလို TNLA ဘက်ကလည်း တကယ်လို့ နောက်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ လျော့ပါးသွားတာမျိုးနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စာသင်ကျောင်းကို ပြန်မလာတော့ဘူးဆိုရင် စာသင်ကျောင်းကို မူလအတိုင်း ပြန်လည် ထားရှိသွားမှာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – Google