ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Nov 30, 2024

ဒီတစ်ပတ် (နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ) အတွင်း တော်လှန်တိုက်ပွဲတွေထက် စစ်ကောင်စီတပ်က နိုင်ငံတဝန်း လေကြောင်းကနေ လေယာဉ်အပြင် ဒရုန်းတွေနဲ့ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ ကြဲချတိုက်ခိုက်မှုတွေ အများအပြားထပ်မံပြုလုပ်ခဲ့ပါတယ်။ အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC ရှေ့နေတွေအလိုရှိနေတာ၊ NUG ယာယီသမ္မတက သူ့အစိုးရအဖွဲ့ဝင်တွေကို ပြည်တွင်း ပြန်ဝင်ဖို့ပြောလိုက်တာ၊ ‘ဝ’တပ်စခန်းကိုးခုကို ထိုင်းဘက်ကပြန်တောင်းမှု အရှိန်မြင့်လာတဲ့သတင်း၊ စစ်အာဏာရှင်တွေသတ်မှတ်ခဲ့တဲ့ ကချင်အထူးဒေသ ၁ ကို KIA ပယ်ဖျက်လိုက်တဲ့သတင်း၊ တောင်ကုတ်မြို့ကို AA ထိန်းချုပ်လိုက်တဲ့သတင်းနဲ့ ထိုင်းမှာ ဒီဇင်ဘာလထဲ ဘတ်ဖွင့်တော့မယ့်သတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။

 

“မင်းအောင်လှိုင် အလိုရှိတယ်”

 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC)ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ပေးဖို့ တရားသူကြီးတွေဆီ တောင်းဆိုလိုက်ပါတယ်။

 

၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကတိုက်ခိုက်မှုတွေအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ICC က စတင်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

အခုတော့ ငါးနှစ်စွန်းစွန်းအကြာမှာပဲ စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဖမ်းဖို့ ပထမဆုံးကြိုးပမ်းလာတာဖြစ်ပါတယ်။

 

ဒီ ဖမ်းဝရမ်းလျှောက်တင်ချက်ကို အတွင်းလူသက်သေတွေရဲ့သက်သေထွက်ဆိုချက်တွေ၊ သတင်းမှတ်တမ်းဆိုင်ရာ သက်သေအထောက်အထားတွေနဲ့ မှန်ကန်ကြောင်းအတည်ပြုပြီးတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုအချက်အလက်တွေ စတဲ့သက်သေအထောက်အထားအများအပြားအပေါ် အခြေခံထားတာဖြစ်တယ်လို့ ICC ရှေ့နေ ကရင်းမ် ခန်းက ဆိုထားပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ မော်နင်းက “ICC အနေနဲ့ တရားမျှတတဲ့ ရပ်တည်ချက်ကို စွဲကိုင်ထားဖို့နဲ့ တရားစီရင်ပိုင်ခွင့် အခြေခံမူတွေကို နိုင်ငံတကာတွေနဲ့အညီ သတိရှိရှိကျင့်သုံးဖို့လိုတယ်” လို့ နိုဝင်ဘာလ ၂၈ ရက် ကြာသပတေးနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ICC မှာ လက်မှတ်မထိုးထားတဲ့နိုင်ငံတွေကို ICC အနေနဲ့ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့လည်း သူမက ပြောပါတယ်။

 

စစ်ကောင်စီဘက်ကလည်း ICC မှာ ပါဝင်လက်မှတ်မထိုးထားတဲ့အတွက် ICC ရဲ့ ထုတ်ပြန်ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ပြောကြားထားပါတယ်။

 

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကလည်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကတိုက်ခိုက်မှုတွေအတွက် ပြစ်ဒဏ်ကျခံရနိုင်တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြီးတန်းအရာရှိ ၂၂ ဦးရဲ့ အထောက်အထားတွေကို ၂၀၁၈ ခုနှစ်ဇူလိုင်လမှာ ထုတ်ပြန်ထားဖူးပါတယ်။

 

“NUG ဝန်ကြီးတွေကို ယာယီသမ္မတ ပြည်တွင်းပြန်ခေါ်”

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အဝေးရောက်အစိုးရ၊ အွန်လိုင်းအစိုးရလို့ ဝေဖန်မှုတွေ ရှိနေတာပါ။

 

NUG ယာယီသမ္မတ ဒူဝါလရှီးလက NUG ဟာ အဝေးရောက်အစိုးရဖြစ်လို့မရဘဲ ပြည်တွင်းမှာ အင်အားလာစုကြဖို့ဆိုပြီး နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ အွန်လိုင်းကနေ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးအတွင်း မိန့်ခွန်းမှာ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားပါတယ်။

 

မြေပြင်မှာ လက်တွေ့ကျကျ အင်အားတည်ဆောက်ရမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို အချိန်ပေးသင့်တာထက် ပိုပေးခဲ့ပြီးပြီလို့ သူက ပြောပါတယ်။

 

“ဒါကြောင့် မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

 

နောက်ပြီး သူ့မိန့်ခွန်းထဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးမှာ လတ်တလော တရုတ်ဖိအားကြုံနေရတယ်လို့လည်း ပြောသွားပါသေးတယ်။

 

“’ဝ’ Vs ထိုင်း နယ်မြေအငြင်းပွားမှု”

 

ရှမ်းပြည်အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံတို့ကြား ထိစပ်နေတဲ့ “ဝ” တပ်ဖွဲ့ရဲ့ တပ်စခန်း ၉ ခုကို ပြန်လည်ဆုတ်ခွာပေးဖို့ ထိုင်းဘုရင့်တပ်မတော်က ဆက်တိုက်တောင်းဆိုလာပြီးနောက် စစ်ရေးပြင်လာတယ်ဆိုပြီး ဒီတစ်ပတ်ထဲ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကို တင်ပြထားတယ်လို့ လွတ်လပ်တဲ့မီဒီယာတွေကို ပြောကြားပါတယ်။

 

အဲဒီတပ်စခန်းနေရာတွေဟာ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံနဲ့ မိုင်းဆတ်ဒေသတလျှောက်မှာ “ဝ”တပ်ဖွဲ့က တောင်ပိုင်းစစ်ဒေသ ၁၇၁ ဖွဲ့စည်းပြီး စစ်စခန်းတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။

 

ဒီတပ်စခန်းတွေဟာ သူတို့နယ်မြေဆိုပြီး ထိုင်းဘက်က အဆက်မပြတ်တောင်းဆိုပြီးနောက် လာမယ့်ဒီဇင်ဘာလ ၁၈ ရက်နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

 

အဲဒီလိုနယ်မြေအငြင်းပွားနေချိန်မှာပဲ နိုဝင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ စစ်ကောင်စီ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးဆစ် မနာပန်က လာရောက်တွေ့ဆုံခဲ့ပါတယ်။

 

နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနဲ့ နှစ်နိုင်ငံအကြား ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးဟာ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

“စစ်အာဏာရှင်တွေသတ်မှတ်ခဲ့တဲ့ ကချင်အထူးဒေသ ၁ ကို KIA ပယ်ဖျက်”

 

ကချင်ဒေသရဲ့စည်းလုံးညီညွှတ်မှုကိုထိခိုက်စေတဲ့ ကချင်အထူးဒေသ(၁)ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIA/KIO)က နိုဝင်ဘာ ၂၈ ရက် ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

 

ကချင်အထူးဒေသ(၁)ထဲက နယ်မြေအားလုံးနီးပါးကို KIA/PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် KIA/KIO က အခုလိုကြေညာလာတာဖြစ်ပါတယ်။

 

အဲဒီဒေသထဲမှာရှိတဲ့ လူထုရဲ့ စီးပွားရေး၊ လူမှုရေးကို မထိခိုက်နစ်နာစေဘဲ လူသားချင်းစာနာထောက်ထားတဲ့ အခြေခံမူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ပြန်လည်ကြိုးစားတည်ဆောက်သွားမယ်လို့ ပြောသလို ဌာနေပြည်သူတွေ၊ ရင်းနှီးမြုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားဘဲ KIO နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်လို့လည်း ပြောထားပါတယ်။

 

ကချင်ပြည်နယ်အထူးဒေသ(၁)ဟာ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ထိန်းချုပ်ခဲ့ပြီး သူဟာ KIA က တပ်မှူးငယ်ဖြစ်ခဲ့ပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)နဲ့ ပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။

 

“AA ရဲ့ ၁၂ မြို့မြောက် တောင်ကုတ်”

 

အာရက္ခတပ်တော် AA ရဲ့ ရခိုင်ပြည် တစ်ကျော့ပြန်တိုက်ပွဲ တစ်နှစ်စွန်းစွန်းကာလအတွင်း ချင်းပြည်၊ ပလက်ဝအပါအဝင် မြို့ပေါင်း ၁၁ ခုအထိသိမ်းထားနိုင်တာပါ။ ဒီတစ်ပတ်ထဲမှာတော့ ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့ကို AA တို့ စာရင်း ထပ်ထည့်လိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။

 

တောင်ကုတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာကြောင့် တစ်လမပြည့်ခင်မှာပဲ သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။

 

တောင်ကုတ်မြို့ပေါ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက သိမ်းထားနိုင်တာဖြစ်ပေမဲ့ နိုဝင်ဘာ ၂၉ ရက် သောကြာနေ့ မနက်အစောပိုင်းကျမှ AA တို့ဘက်က အတည်ပြုထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားကင်းစင်သွားပြီလို့လည်း AA တို့က ဝံ့ကြွားပြောဆိုထားပါသေးတယ်။

 

အခုတော့ ရခိုင်ပြည်မှာ နောက်ဆုံးကျန်တဲ့ တောင်ကုတ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)-၅ တပ်မဌာနချုပ်အပါအဝင် ခမရ-၃၄၆ ၊ ခမရ-၅၄၄ တပ်ရင်းဌာနချုပ်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

 

CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေကတော့ နိုဝင်ဘာ ၂၇ ရက်မှာ ခမရ-၃၄၆ နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ခမရ-၅၄၄ ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ ပြောထားပါတယ်။

 

ရခိုင်ပြည်မှာ ဗိုလ်မှူးချုပ်အဆင့်ကွပ်ကဲတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) သုံးခုရှိတဲ့အနက် ကျောက်တော်အခြေစိုက် စကခ-၉ နဲ့ ဘူးသီးတောင်အခြေစိုက် စကခ -၁၅ တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာကြောင့် စကခ-၅ ပဲ သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။

 

ဒီလိုစစ်ကောင်စီတပ်ကို တိုက်ထုတ်နေရချိန်မှာပဲ မြို့တွင်းနေအိမ်တွေ ဖောက်ထွင်းခိုးယူနေသူတွေကိုလည်း AA တပ်ဖွဲ့ဝင်တွေ လိုက်လံနှိမ်နင်းနေရတယ်လို့ ပြောပါတယ်။

 

တောင်ကုတ်မြို့တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ တိုက်ပွဲတွေပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး ခိုးယူရုံသာမက နေအိမ်တွေပါဖျက်ဆီးနေတဲ့သူခိုးတွေကို ခိုးရာပါပစ္စည်းတွေနဲ့အတူ နေ့စဉ်ဖမ်းဆီးရမိနေတယ်လို့လည်း AA က ဆိုပါတယ်။

 

အဲဒီလိုဖမ်းဆီးရမိတဲ့ ခိုးရာပါပစ္စည်းတွေကို ပိုင်ရှင်အစစ်အမှန်လက်ထဲ ပြန်လည်အပ်နှံသွားမှာဖြစ်ပြီး လတ်တလောတိုက်ပွဲတွေပြင်းထန်နေတာကြောင့် AA လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းထားတယ်လို့ ပြောထားပါတယ်။

 

“ရွှေမြန်မာတွေရဲ့ တရားဝင်ဖြစ်ရေး မျှော်လင့်ချက် ဘတ်”

 

မြန်မာရွှေ့ပြောင်းနဲ့ ခိုးဝင် ခုနစ်သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလထဲ ပန်းရောင်ကတ်နဲ့ ဘတ်လို့ခေါ်ကြတဲ့ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ပေးတော့မယ်လို့ ထိုင်းအစိုးရက တရားဝင်ကြေညာလာပါတယ်။

 

မြန်မာ၊ ကမ္ဘာဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘတ်တွေကို ဒီနှစ် ၂၀၂၄၊ ဒီဇင်ဘာလ ၃၀ ရက်အထိ လုပ်ပေးမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။

 

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်လာရောက်နေထိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် တရားဝင်ဖြစ်ရေးမျှော်လင့်ချက်ဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုကြေညာချက်ထဲ ဘယ်နေ့စလုပ်ပေးမယ်ဆိုတာမထည့်သွင်းထားဘဲ လုပ်ငန်းစဥ်စတင်မယ့်ရက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်အကိုင်ဌာနကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။

 

ဒါပေမဲ့ ပန်းရောင်ကတ်လုပ်ပေးသူ ပွဲစားတွေကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အထောက်အထားသစ်လျှောက်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နာမည်စာရင်းကောက်ယူမယ်လို့ ပြောဆိုနေကြပါတယ်။

 

အခုထုတ်ပေးမယ့် အထောက်အထားသစ်ရရှိသူတွေဟာ ထိုင်းနိုင်ငံထဲမှာ ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ တစ်နှစ်တာယာယီ အလုပ်လုပ် ခွင့်ရရှိမှာဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ ကနဦးကြေညာထားချက်တွေအရ သိရပါတယ်။

 

ဒီဇင်ဘာလထဲ သက်ဆိုင်ရာသူဌေးနဲ့ အထောက်အထားမဲ့တွေရဲ့စာရင်းကို ပူးတွဲတင်ပြရမှာဖြစ်ပြီး စာရင်းတင်ပြီးပါက သုံးရက်ကနေ ငါးရက်အတွင်း ထိုင်းဘက်က အမည်စာရင်းစာရွက်ထုတ်ပေးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း တခြားလုပ်ငန်းအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ပန်းရောင်းကတ်လုပ်ပေးသူ ပွဲစားတစ်ဦးက ပြောပါတယ်။

 

ဘတ်လုပ်မယ်ဆိုပါက တစ်ဦးကို ထိုင်းအစိုးရဈေး ဘတ် ၆၀၀၀ သတ်မှတ်ထားပေမဲ့ ပွဲစားတွေကတော့ ဘတ် ၈၀၀၀ ကနေ ၁၅,၀၀၀ အထိ တောင်းရမ်းနေတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ လူငယ်လူရွယ်တွေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု မြင့်တက်ခဲ့ပြီး ဒီနှစ် ၂၀၂၄၊ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်ပြီးနောက် ပိုမိုဆိုးရွားသွားခဲ့ရပါတယ်။

 

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ပန်းရောင်ကတ်ကို ဇူလိုင်လအတွင်း ပြုလုပ်ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ လေးလလောက်နောက်ကျပြီးမှ ထိုင်းအစိုးရက လုပ်ပေးဖို့ တရားဝင်ပြောကြားလာတာ ဖြစ်ပါတယ်။