‘ဝ’ နယ် ဟိုပန်မှာ လူသတ်မှုအတွက် သေဒဏ်၊ မုဒိန်းမှုအတွက် တစ်သက်တစ်ကျွန်းနဲ့ ၁၅ နှစ်စီ UWSA အမိန့်ချမှတ်

Author လဂွန်းအိမ်
Categories
Published on Oct 30, 2024

ရှမ်းပြည် မြောက်ပိုင်းရှိ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ လူသတ်မှုကျူးလွန်ခဲ့သူကို သေဒဏ်ချမှတ်ပြီး အုပ်စုဖွဲ့မုဒိမ်းမှုကျူးလွန်သူတွေကိုလည်း ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် ဟိုပန်မြို့က ယဥ်ကျေးမှုကွင်းမှာကျင်းပတဲ့ တရားစီရင်ရေး အခမ်းအနားမှာ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာဖြစ်တယ်လို့ အဲဒီကသတင်းတွေဖော်ပြနေတဲ့ ‘ဝ’ လူငယ့်အသံကွန်ရက်ဆီက‌နေ သိရပါတယ်။

မုဒိမ်းမှု ကျူးလွန်သူ ခြောက်ဦးထဲက ဦးဆောင်သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ကျန် ငါးဦးကိုတော့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

လူထုကို အသိပညာပေးတာ၊ ဒီလို အမှုတွေ မဖြစ်အောင် လူထုရှေ့ သေဒဏ်ချမှတ်တာက ‘ဝ’ အဖွဲ့ရဲ့ မူဝါဒဖြစ်ပေမဲ့ မကွပ်မျက်ဘူးလို့ ‘ဝ’ ပြည်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ‘ဝ’ လူငယ့်အသံကွန်ရက်က ဖော်ပြထားချက်အရ သိရပါတယ်။

 

အဲဒီတရားစီရင်ရေးအခမ်းအနားကို ဟိုပန်မြို့ရှိ ပြည်သူတွေလာရောက်ကြည့်ရှုခဲ့ပြီး သေဒဏ်ချမှတ်ခံရသူမှာ အသက် ၂၀ ဝန်းကျင်ရှိ စိုင်းကျော်ထွန်းဖြစ်တယ်လို့ သိရပါတယ်။

မတရားမှုကို အမြန်ဆုံးအမှုမှန်ပေါ်အောင် လုပ်ပေးခဲ့ပြီး ပြတ်သားစွာ အမိန့်ချပေးခဲ့တဲ့အပြင် ငွေသားနဲ့ ပစ္စည်းအားလုံးကို စာရင်းနဲ့တကွ အားလုံးပြန်လည်ရရှိခဲ့လို့ ‘ဝ’ပြည်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသတ်ခံရတဲ့ ကလေးငယ်မိခင်က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

 

“ပြတ်သားစွာနဲ့ အမိန့်ချပေးလို့ မိသားစုက ကျေးဇူးတင်မိပါတယ်။ အမှန် တရားကို နတ်စောင့်ပါတယ်။ သူ့အကုသိုလ်နဲ့သူ သွားတာပါပဲ” လို့ အသတ်ခံရသူ ရှစ်နှစ်အရွယ်ကလေးငယ်ရဲ့ မိခင်ဖြစ်သူက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြောဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက် မနက် ၁ နာရီခန့်က ဟိုပန်မြို့မှာဖွင့်လှစ်ထားတဲ့ Moon Sun အမည်ရှိ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်တွေကို သူတို့ရဲ့ ဝန်ထမ်းက ချောင်းမြောင်းရိုက်နှက်ပြီးနောက် ပစ္စည်းနဲ့ ငွေကြေးတွေကို လုယူခဲ့ပါတယ်။

 

အဲဒီမှာ ရိုက်နှက်ခံရသူ လေးဦးအနက် ရှစ်နှစ်အရွယ် ကလေးငယ် ဆုံးပါးခဲ့ရပြီး ကျန်သုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ‘ဝ’ လူငယ့်အသံ ကွန်ရက်

 

ပုံစာ – ဒီကနေ့ ယဥ်ကျေးမှုကွင်းမှာကျင်းပတဲ့ တရားစီရင်ရေး အခမ်းအနားပုံ မြင်ကွင်း