ဝက်လက်မှာ PDF တစ်ဦးက စစ်ရှောင်မိန်းကလေးကို ကျူးလွန်ပြီး ရတဲ့ကိုယ်ဝန်ကို ငွေအပြင် လက်နက်နဲ့ ခြိမ်းခြောက်ဖျက်ချခိုင်းလို့ သေဆုံး

Author Justino
Categories
Published on Oct 30, 2024

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ရွှေဘိုခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၃ ရဲ့ ရဲဘော်တစ်ဦးနဲ့ စစ်ရှောင်မိန်းကလေးတစ်ဦးတို့ ငြိမ်စွန်းပြီးရတဲ့ ကိုယ်ဝန်ကို တာဝန်မယူဘဲ ဖိအားပေးဖျက်ချခိုင်းတာကြောင့် အဲဒီမိန်းကလေး သေဆုံးခဲ့ရတယ်လို့ CJ Platform ရဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာ၀တီမြစ်ရဲ့ အနောက်ဘက်ကမ်းရှိ ကမ်းဖြူကျေးရွာအုပ်စု၊ ရေလည်မော်ကျေးရွာနေ အသက် ၂၈ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်ကတည်းက စစ်ရှောင်ရင်း အမှတ် ၃ လမ်းပေါ်မှာ ဈေးဆိုင်ခန်းငယ်တစ်ခု ဖွင့်လှစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။

 

အဲဒီလို စစ်ရှောင်နေစဥ် ၀က်လက်မြို့နယ် ပအဖ လူသားစာနာတာ၀န်ခံ ဦးဆယ်တင့်ရဲ့ တပည့် အသက် ၄၀ ကျော်ရှိ ဦးဂျိုးဖြူနဲ့ ငြိစွန်းခဲ့ပါတယ်။

 

ဒါပေမဲ့ မိန်းမနဲ့ သားတစ်ယောက်ရှိတဲ့ ဦးဂျိုးဖြူက တာ၀န်မယူတဲ့အပြင် ငွေအပြင် လက်နက်နဲ့ခြိမ်းခြောက်ဖိအားပေးမှုတွေကြောင့် ကိုယ်ဝန် ရှစ်လလောက်လွယ်ထားရချိန် ဖျက်ချရင်း ဒီနှစ် ၂၀၂၄ အောက်တိုဘာ ၂၁ ရက်နေ့က အသက် ၂၈ နှစ်အရွယ်အမျိုးသမီးဟာ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

“စစ်ရှောင်ရင်းနဲ့ ရှမ်းလေးမုန့်လေး ရောင်းရင်း ဂျိူးဖြူနဲ့တွေ့တာ။ ဂျိုးဖြူက အိမ်ထောင်ရှိတယ်။ ကိုယ်၀န်ရှိတာသိတော့ မယားကြီးကလိုက်လာတယ်။ ကိုယ်၀န်ဖျက်ချဖို့ သိန်း ၅၀ ပေးတယ်လို့ သိရတယ်။ ပြီးတော့ ကိုဂျိုးဖြူကလည်း လက်နက်နဲ့ ခြိမ်းခြောက်တယ်။ ဖျက်ချရင်ချ၊ မချရင် မွေးလာတဲ့ကလေးသတ်မှာ။ မအေရော၊ ကလေးရော သတ်မှာပြောတော့ ဖျက်ချတာ။ ခုတော့ နှစ်ယောက်လုံးသေသွားပြီ” လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဝက်လက်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ် လူသားစာနာအဖွဲ့နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ဘယ်လိုအရေးမှုမျိုးမှမပြုလုပ်ပေးသေးဘူးလို့ ၀က်လက်မြို့နယ်နေ အသက် ၃၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။

 

ဦးဂျိုးဖြူဟာ ရွှေဘိုခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၃ ရဲ့ တပ်ဖွဲ့၀င်တစ်ယောက်ဖြစ်ပြီး ဇနီးနဲ့ အသက် ၁၀ နှစ်ခန့်အရွယ် သားတစ်ယောက်ရှိတယ်လို့ သိရပါတယ်။

 

သေဆုံးသွားသူ မိန်းကလေးရဲ့ မိသားစု၀င်တွေအနေနဲ့ ကျေအေးပေမဲ့ သေဆုံးသွားတဲ့ စစ်ရှောင်မိန်းကလေးနဲ့ ကလေးငယ်အတွက် တရားမျှတမှုရရှိစေရေး၊ ခြိမ်းခြောက်ဖိအားပေးကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်နိုင်စေရေးနဲ့ ရဲဘော်တွေထဲမှာလည်း အတုယူမမှားစေရေးတို့အတွက် မိခင်အဖွဲ့အစည်းဖြစ်တဲ့ NUG ဆီတိုင်ကြားဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်ရင်းရဲ့လုပ်ရပ်တွေအပေါ် ဒေသခံ‌တွေက NUG ဆီ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။

 

ဒီနှစ် ၂၀၂၄ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှာ တပ်ရင်း ၂ က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင်(ခ) လင်းစေက သူ့ကို ပြန်မကြိုက်တဲ့ မိန်းကလေးငယ် မယုမွန်ထိုက်ကို အဖေနဲ့ အဒေါ်ရှေ့မှာတင် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

 

အဲဒီအမှုကို NUG ဘက်က ၈ လလောက်ကြာ အမှုစစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပြည့်ထွန်းနိုင်(ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ပါတယ်။

 

ဝက်လက်မြို့နယ်တွင်းက လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းကြောင်းဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖတွေရှိပေမဲ့ အဲဒီအဖွဲ့တွေဟာလည်း တပ်ရင်း ၂ နဲ့ တပေါင်းတည်းဖြစ်နေတာကြောင့် NUG အစိုးရဆီ  ပူးတွဲတိုင်ကြားခံရတာတွေပါရှိနေပါတယ်။

 

ဓာတ်ပုံ – ရွှေဘိုခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၃